[Unicode]
မျက်စိရှေ့မှာ ပတ်ဝန်းကျင် တစ်ခုလုံးက စိမ်းစိုလို့နေတယ်။ ညာဘက်က ဆင်းလာတဲ့ တောင်တန်းရော၊ ဘယ်ဘယ်မှာ သွယ်ဝိုက်လာတဲ့ မြေပြန့်ရောက အလယ်တည့်တည့်မှာ စုဆုံသွားပြီး ရေပြင်အနည်းငယ်အဖြစ် မဟာမိတ် ဖွဲ့လိုက်ကြတယ်။
ငုံ့ကြည့်လိုက်ရင် မြူတွေ မရှိပေမဲ့ ဒီအမြင့်က ဘယ်လောက်လဲတော့ ကျွန်တော် မခန့်မှန်းတတ်ဘူး။ ဒါပေမဲ့ ရပ်ကြည့်ရတာတော့ တော်တော် အဆင်ပြေတယ်။ စိတ်ကို လန်းဆန်းစေသလိုလို၊ ပင်ပန်းတာတွေကိုပဲ ယူဆောင်သွားသလိုလို။ အောက်ဘက်ကများ လေပြည် ပင့်တိုက်လာရင် ကျွန်တော့်ရဲ့ ကုတ်အင်္ကျီအနားစတွေက တဖျတ်ဖျတ်နဲ့ လှုပ်ခတ်နေတော့တာပါပဲ။
"ဆောင်းဟွန်း"
"ဆရာဆောင်းဟွန်း"
ပြေးလာသံနဲ့ ခေါ်သံက ကျွန်တော့်နောက်က အဆက်မပြတ် ထွက်ပေါ်လာတယ်။ ကမူလေးပေါ် ရပ်ပြီး အဝေးကို ငေးနေမိတာ တော်တော်ကြာပြီ ထင်ပါရဲ့။ ပြန်လှည့်ကြည့်တော့ ခေါ်တဲ့ ဆရာတစ်ယောက်ပဲ အနောက်မှာ ရှိတော့တယ်။
"ဘာတွေများ တွေးနေတာလဲဗျာ"
ဆရာဟာဂျွန်းက မေးရင်း အနားလာရပ်တယ်။ ရင်ဘတ်ကို ဖွင့်လို့ လေတွေကိုလည်း အဆုတ်ထဲ ရှူရှိုက်လိုက်သေးတယ်။
တကယ်တော့ ကျွန်တော့်မှာ အတွေးများများစားစားလည်း မရှိလှပါဘူး။ ကျောင်းသားတွေရယ်၊ အမေရယ်၊ ကျွန်တော်တို့ ရှေ့ရေးရယ်။ နောက်တော့ ~
"ဒီအတိုင်းပါပဲ။ ရှုခင်းလှလို့။"
နေခြည်က ဖြိုးဖြိုးဖျဖျလေး လင်းလာတယ် ဆိုရင်ပဲ အပင်ထိပ်ဖျားတွေက ရွှေရောင်ကလေးတွေ ဖြစ်လာကြတယ်။ ဒီတော့လည်း နွေရာသီတစ်ခုရဲ့ ရွှေအိုရောင် မျက်ဝန်းအိမ်တွေကို မြင်ယောင်မိသွားပြန်တာပါပဲ။
"ဒီထက် ပိုလှတာတွေ အများကြီး ရှိသေးတယ်။ ခဏနေကျရင် ရောက်ကြတော့မှာပဲ။ ဆရာ သဘောကျသွားမှာ။"
ယန်းဂျူကို သူက ခဏခဏ ရောက်ဖြစ်ပုံ ပေါ်ပါတယ်။ နေရာကြည့်ပြီး ပြောလာတယ်။ ကျွန်တော်ကတော့ ဒီနှစ်မှ လိုက်လာတာဆိုတော့ ဒီနေရာတစ်ခုလုံး အသစ်အဆန်းတွေချည်း ဖြစ်နေတော့တယ်။
YOU ARE READING
AMARANTH | SungJeng
FanfictionPark Sung Hoon × Park Jong Seong Start Date ~ August 4 2022 End Date ~ October 27 2022