AMARANTH ~ 4

325 40 17
                                    

[Unicode]

ငှက်ကလေး တစ်ကောင်စ၊ နှစ်ကောင်စဟာ လေထဲမှာ ပျံသန်းနေရာက အတောင်ပံကို ရုတ်သိမ်းပြီး ဓာတ်ကြိုးပေါ်မှာ ခိုနားလာကြတယ်။ မျက်ဝန်းထောင့်က မြင်တာဖြစ်ပေမဲ့ ပတ်ဝန်းကျင်က ညနေစောင်းရာကနေ နေဝင်ချိန်ဆီကို ဦးတည်လာမှန်း သိလိုက်ရတယ်။

ဆိုဖာပေါ်မှာ ခြေဆန့်လက်ဆန့် လှဲရင်း မပြီးသေးတဲ့ စာအုပ်ကို ဆက်ဖတ်နေတဲ့ ဂျုံဆောင်းကို တစ်ဖက်ကနေ ခပ်စောင်းစောင်း ငေးကြည့်နေတာ ကျွန်တော့်စိတ်ထဲ သိပ်မကြာသေးဘူးလို့ ထင်တာပါပဲ။

"စာက ခက်လို့လား"

ရုတ်တရက် ထွက်ပေါ်လာတဲ့ ဂျုံဆောင်း အသံကြောင့် ဘောပင်ကိုင်ရင်း ငြိမ်နေရာကနေ ကျွန်တော် ထိတ်ခနဲ ဖြစ်သွားမိရတယ်။ အလိုလို ဦးခေါင်းက ငုံ့ကျသွားပြီး ကြုံရာ စာတစ်လုံးကို ကပျာကယာ ကောက်ရေးလို့လည်း ဖြေမိလိုက်ရတယ်။

"လွယ် ~ လွယ်ပါတယ်"

ကျွန်တော့်မှာသာ ရင်တုန်သွားပေမဲ့ ဂျုံဆောင်းဆီကတော့ အသံ ထပ်ထွက်မလာတော့ဘူး။ ဒါပေမဲ့ သူသာ လှည့်ကြည့်ပြီး မေးခဲ့တာ ဖြစ်နေရင် ဒီပုံစံက ပိုပြီး ရိပ်မိသလို ဖြစ်မယ်လို့ ထင်တာကြောင့် ပြန်ကြည့်မိတော့ ကျွန်တော် ထင်သလို မဟုတ်ဘဲ စိတ်ကူးပေါက်ရာ မေးလိုက်ပုံနဲ့ ဂျုံဆောင်းအကြည့်တွေက သူ့စာအုပ်ပေါ်မှာသာ ရှိနေခဲ့ပါတယ်။

အဲ့ဒီအတွက် စာအုပ်ဖတ်နေရင်းက ကျွန်တော့်အကြောင်း သူ ဘယ်လိုသိလဲဆိုတဲ့ သိချင်စိတ်က လှိုက်ခနဲ တက်လာသလို၊ ကျွန်တော် သူ့ကို ကြည့်နေမိတာကို သတိထားမိလို့လို့ ပြန်ပြောမှာကိုလည်း တစ်ချိန်တည်းမှာ ကြောက်ရွံ့သွားမိပါတယ်။

"အန်တီ မလာမချင်း မင်း ဒီအတိုင်း စောင့်နေတတ်တာလား"

"ဟင်"

ဂျုံဆောင်းကို ပြူးကြောင်ကြောင်နဲ့ပဲ ကျွန်တော် ဆက်ကြည့်နေမိတယ်။ ကိုယ့်အတွေးနဲ့ ကိုယ် ရုန်းမထွက်နိုင်တာမို့ သူပြောတာကို နားမလည်လိုက်ဘူး။

"ဘယ် ~ ဘယ်လိုမျိုးလဲ"

"ဒီလိုမျိုးလေ။ စာလုပ်ရင်း စောင့်နေတာကို ပြောတာ။ မင်း ဗိုက်ဆာနေမှာပေါ့။ နောက်ကျမယ်ဆို ငါ တစ်ခုခု ချက်ကျွေးရမလား။ ဒါမှမဟုတ် အန်တီ့အတွက် တစ်ခုခု ချက်ထားပေးကြမလား။"

AMARANTH | SungJengWhere stories live. Discover now