AMARANTH ~ 9

315 39 31
                                    

[Unicode]

အနောက်ဘက် ကောင်းကင်ပြင်က မှိုင်းပြာလွန်းနေတယ်။ တောင်ကုန်းအနားတစ်ဝိုက် ပတ်ဝန်းကျင်က နေဝင်ခါနီးမို့ အရောင်တွေ ပျောက်လာသလိုလို၊ မုန်တိုင်းတိုက်ခါနီးလို့ပဲ မိုးတွေ ညို့နေသလိုလို။

မြက်ပင်အတိုလေးတွေ ယိမ်းခါရလောက်တဲ့အထိ တစ်ခွင်တစ်ပြင်လုံးအနှံ့ တိုက်ခတ်နေတဲ့ လေက ပြင်းထန်လွန်းတယ်။ အရွယ်အစားညီညီ မြေပြင်ပေါ် စိုက်ထူထားတဲ့ အရာတွေက ကျောက်တုံးဖြစ်နေလို့ တော်သေးပါရဲ့။ မဟုတ်ရင် သူတို့လည်း မြေပြင်မှာ ကပ်နေတဲ့ အမှိုက်လေးတွေလို လွင့်ပျံ‌သွားလောက်တယ်။

ဒီနေရာကို လေထန်ကုန်းလို့ပဲ ခေါ်မလား။ ဒါမှမဟုတ် မသိ၊ မရှိ၊ လောကနဲ့ မဆက်နွှယ်သော နေရာလို့ပဲ ခေါ်မလား။

လေတွေရယ်၊ တိမ်တွေရယ်၊ ကျောက်တိုင်တွေရယ်က လွဲရင် ဒီနေရာမှာ ဘာမှ မရှိဘူး။

အဲ့ဒီအချိန် တောင်ကုန်းပေါ်ကို လူရွယ်တစ်ဦး တဖြည်းဖြည်းချင်း တက်လာနေတယ်။

လက်သည်းကြည်ကြည်တွေရဲ့ ထွေးပွေ့မှုအောက်မှာ အဖြူရောင် ဂန္ဓမာပန်းတွေ ဝေဝေပွင့်နေကြတယ်။ တစ်ယောက်တည်း ဖြစ်ပေမဲ့ သူ့ခန္ဓာကိုယ်က လေပြင်းကို ထိုးဖောက်ထွက်လာနိုင်တဲ့အထိ ကြံ့ခိုင်ပုံပဲ။

ပန်းနုရောင် နှုတ်ခမ်းသားမှာ ရွှင်ပြပြ အပြုံးတွေ မရှိတော့ဘူး။ မှုန်တေတေမျက်ဝန်း‌တွေက စိတ်အတွေးတွေ ပျံ့လွင့်နေပုံ၊ ဒါမှမဟုတ် တစ်ခုတည်းမှာပဲ အာရုံစူးစိုက်ထားခဲ့လို့ ရှာမတွေ့ရပုံနဲ့ ခန့်မှန်းရ ခက်လွန်းတယ်။

ရှည်သွယ်တဲ့ ခြေတံတွေက တောင်ကုန်းကို ထောင့်ဖြတ်ကူးသွားပြီးတဲ့နောက်မှာ လောလောလတ်လတ် စိုက်ထူထားတဲ့ ကျောက်တိုင်တစ်ခုရှေ့ ဒူးထောက် ထိုင်ချလိုက်တယ်။ ဂန္ဓမာတွေက ယူဆောင်လာသူ လက်က လွတ်တော့ ကျောက်သားပြားပေါ်မှာ တစ်ဖန် မှေးစက်ကြပြန်တယ်။

"အမေ"

"ကောင်းကောင်း အနားယူပါ"

"သားကို နောက်ဆံမတင်းပါနဲ့"

စကားသံက လေသံအောက်မှာ ပျောက်ကွယ်သွားတယ်။ လက်ကိုင်ပုဝါတစ်ခု ထုတ်လို့ ကျောက်နံရံတွေကို သုတ်ပေးနေချိန် သူ့အမူအရာက ဗလာသက်သက်လိုမျိုးပဲ။ အေးစက်ပြီး၊ ပျော်ခြင်းလည်း မရှိသလို၊ ဝမ်းနည်းခြင်းလည်း ရှိမနေဘူး။

AMARANTH | SungJengWhere stories live. Discover now