AMARANTH ~ 5

335 37 10
                                    

[Unicode]

စတုတ္ထနေ့။

ညနေခင်း ရေပြင်ပြာပြာထဲမှာ အဖြူငွေ့ငွေ့တွေ ရောယှက်လို့ နေတယ်။ ငွေငါးတွေ ကူးခတ်နေသလိုမျိုး လှိုင်းခေါင်းဖြူတွေက တလှုပ်လှုပ်နဲ့ စီးဆင်းနေကြတယ်။

တံတားကို ကျော်ပြီး အကြည့်ရောက်သွားတော့ အာကာတစ်ခွင်က လိမ္မော်ရောင်အဖြစ် အခြေတည်နေကြပြီ။ ဆည်းဆာရဲ့ တခြားတစ်ဖက်မှာတော့ အဝါရောင်တွေလည်း ရှိနေသေးတာပါပဲ။ တိုက်ခေါင်မိုးတွေထက်မှာ တိမ်တွေက ခပ်အေးအေး ပြေးလွှားနေကြတယ်။

ဟန်မြစ်ကို ကျွန်တော် အကြိမ်ကြိမ် ရောက်ဖူးပါတယ်။ ဒါပေမဲ့ ဖြတ်သွားရင်းနဲ့ မြစ်ပြင်ကို တစ်ချက် ငဲ့ကြည့်ရုံလောက်ပဲ။ ဒီလိုမျိုး ခပ်ကြာကြာ ငေးမနေဖြစ်သလို၊ သဘာဝရဲ့ ဖြစ်တည်မှုကိုလည်း တစိမ့်စိမ့် ထိုင်ကြည့် မနေဖြစ်ခဲ့ဘူး။

"လေက လတ်ဆတ်နေတာပဲ"

လက်နှစ်ဖက်ကို ဘေးထောက်လို့ ခြေဆန့်ထိုင်နေတဲ့ ဂျုံဆောင်းက ပြောတယ်။ ရေရနံ့ပါတဲ့ လေက ညချမ်းရဲ့ အငွေ့အသက်ကို ယူဆောင်လာတာမို့ တကယ် အေးချမ်းရပါတယ်။ နွေရာသီမှာ ဖရဲသီးခွဲတဲ့ အနံ့က အိုအေစစ်ဆိုရင် ဟန်မြစ်ရဲ့ ညနေစောင်း လေက တောင်းတခြင်းကင်းတဲ့ ဘဝခံစားမှုပါပဲ။

"ဟိုးနားမှာ ကြယ်လေးတစ်ပွင့် မြင်ရတယ် တွေ့လား"

ဂျုံဆောင်းကို ကြည့်နေခဲ့တာမို့ သူမေးဆတ်ပြလိုက်တဲ့ဆီ ခပ်မြန်မြန်ပဲ ကျွန်တော့်အကြည့်က လွှဲပြောင်းသွားတယ်။ နေရောင် မကုန်သေးလို့ ကြယ်လေးရဲ့ အလင်းက မှိတ်တုတ်မှိတ်တုတ် ဆိုတာထက်ကို ပိုမှိန်ဖျော့နေပါသေးတယ်။

ဒါပေမဲ့ ဂျုံဆောင်းကတော့ ရှားပါးရတနာလို သတ်မှတ်ပြီး သဘောကျနေပုံ ရတယ်။ နှုတ်ခမ်းပါးလေးက သက်တောင့်သက်သာ ဖြစ်စွာ ကွေးညွတ်နေခဲ့ပါတယ်။

"ကြယ်တွေကို သဘောကျလား"

"ကျတယ်။ ညဘက်ရောက်ရင် အခန်းကို မီးမှိတ်ပြီး ကြယ်တွေ ကြည့်ဖြစ်တယ်။ ဒါမှမဟုတ်လည်း ခေါင်မိုးထပ်ပေါ်မှာပေါ့။ ပက်လက်လှဲပြီး ရေတွက်ရတာ သိပ်ပျော်စရာ ကောင်းတယ်လေ။"

AMARANTH | SungJengWhere stories live. Discover now