ဒီမနက်ခင်းမှာ မီးငယ် ခြေလက်တွေ ရင်းနှီးနေကျ ဝေဒနာ၏လှိုက်စားမှုကို သည်းခံနေရ၏....။ ဘာမှကိုင်လို့မရ..လမ်းများများလျှောက်လို့မရပဲ အားအင်တွေကင်းမဲ့လို့ နာကျင်နေတယ်..။
ဆေးသောက်ပြီး ဒီနေ့နားနေဖို့ စိတ်ကူးပေမယ့် ဟန်က ဆိုင်ကိုလာတွေ့မယ်လို့ ဖုန်းဆက်တော့လဲ မီးငယ် အားတင်းပြီး ဆိုင်ကိုရောက်သွားရသည်...။
ဆိုင်ဖွင့်ပြီး ပန်းပင်လေးတွေတောင် ရေမလောင်းနိုင်ပဲ ခုံပေါ်မှာ မီးငယ် ခြေပစ်လက်ပစ် ထိုင်နေလိုက်တယ်..။
ချလွင်....ချလွင်။
လှုပ်ခါသွားတဲ့ ဆည်းလည်းလေးတွေနဲ့အတူ မီးငယ် နှလုံးသားလေးကပါ ခါယမ်းသွားသလိုပင်...။
"ဟန်...."
ဖြောင့်စင်းနက်စွေးနေသော ပခုံးသာသာ ဆံနွယ်မျှင်တို့အား မြင့်မြင့်မြှောက်စီးထားသည့် ဟန့်မျက်နှာလေးက မြင်နေကျထက် ရှင်းလင်းလှပနေ၏။
"ကိုယ် မနက်စာဝယ်လာတယ်...၊ ငယ် စားပြီးပြီလား..."
"အာ မစားရသေးပါဘူး..."
မီးငယ် နှုတ်ခမ်းကို ဖွဖွကိုက်လိုက်တယ်။ ဟန့်ကို လိမ်လိုက်မိပြီ...။
"ဒါဆို လာလေ...၊ စားကြမယ်..."
ဖော့ဘူးအဖြူတွေနဲ့ ထုပ်လာတဲ့ စားစရာတွေကို ဟန်က တည်ခင်းနေတယ်..။
"အနောက်မှာ ပန်းကန်တွေရှိတယ်...၊ မီးငယ် သွားယူလိုက်မယ်..."
"ငယ် ခဏ.."
"ဟမ်..."
ပြွတ်စ်...။
မီးငယ်နှုတ်ခမ်းလေး နွေးခနဲ...။
"Morning Kiss..."
"အွတ်..."
ပူနွေးလာတဲ့ ပါးပြင်တွေကို အုပ်ပြီး မီးငယ် ပြေးထွက်သွားတော့သည်...။
"အဟွန်းး..."
ပန်းနုရောင် နှင်းဆီပွင့်ချပ်တွေလို ပါးပြင်ကလေးနဲ့ နီထွေးထွေး နှုတ်ခမ်းလေးသည် ဟန့်အပိုင်....။
သို့ပေမယ့် ကျောခိုင်းသွားတဲ့ ခပ်အုပ်အုပ်ဆံပင်လေးနဲ့ ကြွက်မြီးလေးလို ကျစ်ဆံမြီးကလေးကို ကြည့်ရင်း ဟန် တုန်လှုပ်သွား၏။ အမြဲတမ်း ဟန် ဆွဲယူနမ်းရှိုက်နေကျ ဆံနွယ်ရှည်တွေရော....။