စန္ဒကူးရနံ့တွေ လွှမ်းခြုံထားသည့် အေးချမ်းတဲ့ရပ်ဝန်းဆီမှာ မီးငယ် အသိစိတ်တွေ တဖြည်းဖြည်းစုစည်းလာသည်။
ခန္ဓာကိုယ်က နာကျင်မှုတွေ မရှိတော့ပဲ ရေစီးသံငြိမ့်ငြိမ့်လေးမှလွဲ၍ ဆိတ်ငြိမ်အေးချမ်းလှသော ဒီအခိုက်အတန့်မှာ မီးငယ် ထပ်အိပ်ချင်သေး၏။
သို့ပေမယ့် အလုပ်ကောင်းကောင်းပြန်လုပ်လာသော အာရုံကြောတွေသည် မီးငယ် မေ့နေသော တစ်စုံတစ်ရာအား လှုပ်နှိုးလိုက်သည်။
မ အန္တရာယ်ရှိနေတာ....။
မီးငယ် မျက်လုံးတွေ ဖျတ်ခနဲ အဖွင့်မှာပဲ စူးစိုက်ကြည့်နေသော မျက်ဝန်းလှလှတွေနဲ့ တန်းတိုးကာ...
ဟင်...။
ဒုန်းး...။
"အာ့....."
လန့်သွားတာက မီးငယ်ပေမယ့် သူမက မီးငယ်ထက် ပိုလန့်သွားပုံပင်...။ ကုတင်ပေါ်ကနေ နောက်ပြန်လန်ကျကာ အောက်မှာပုံပုံလေး...။
".....မ...."
"ဟင်..."
မော့ကြည့်လာသော ဇာမဏီမျက်ဝန်းများသည် ကူကယ်ရာမဲ့နေဟန်...။
သူမကို မီးငယ်ကြောင်ကြည့်နေရင်း တစ်ခုခုမေ့နေသလို ခံစားမိပြီးမှ...
"အယ်!....မ သတိရပြီလား...."
မီးငယ် အသိစိတ်တွေအားလုံး အခုမှပုံမှန်အလုပ်လုပ်တော့သည်။ မ သတိရလာပြီ....ကောင်းလိုက်တာ....။
မီးငယ်အိပ်ယာပေါ်ကဆင်းပြီး အခုထိမထနိုင်သေးသော သူမကို သွားတွဲသည်...။
"ဖြည်းဖြည်းထ...ရရဲ့လား..."
"အင်း..."
ဆံပင်အရှည်ကြီးတွေနဲ့ ဝတ်ရုံရှည်ကြီးက သူမအနားမှာ လှပစွာပုံကျနေသည့် အကာအကွယ်မဲ့နေသော အားနည်းတဲ့အလှလေးက လူတို့၏နှလုံးသားအား သနားကရုဏာတို့ ယိုဖိတ်စေနိုင်သည်။
သူမကို အိပ်ရာပေါ်တွဲတင်ပေးပြီး မီးငယ်ကြည့်လိုက်တော့ အမူအယာမဲ့နေသည့် သူမမျက်နှာနဲ့ဆန့်ကျင်လျက် နားရွက်ဖျားလေးတွေက ရဲတွတ်နေ၏။
သူမ နာနေလို့များလား....။
"မ နာနေလား..."
"အင်း...."