အစိမ်းရင့်ရင့်နွယ်ပင်တွေနဲ့ အပွင့်ဖြူဖြူ ပန်းပွင့်ငယ်တွေကို ရစ်သိုင်းခွေယှက်ကာ အလှဆင်ထားသော သစ်သားစာအုပ်အိမ်လေးက နံ့သာရနံ့လေး ထုံသင်းစွာ...။
အိပ်ခန်းထောင့်မှာ အချိန်ကြာမြင့်စွာ နေရာယူတည်ရှိနေခဲ့သော စာအုပ်အိမ်လေးအား ယနေ့မှ မီးငယ် သတိပြုမိ၏။ မ အခန်းက ကျယ်ဝန်းလွန်းတာကြောင့်လည်း ပါသည်။ အခန်းထဲ အလှဆင်ထားတာတွေနဲ့တင် ဆွတ်ပျံ့ကြည်နူးဖွယ် ဖန်တီးထားသော ဒီအခန်းကျယ်ကြီးထဲမှာ ချောင်ကပ်နေသော အိုဟောင်းဟောင်း စာအုပ်အိမ်ကလေးအား အဘယ်သို့ မီးငယ် သတိပြုမိပါမည်နည်း....။
"ဘေဘီရေ!!...ကိုယ်ပြန်လာပြီ..."
အခန်းဝကနေ စူးခနဲ ထွက်လာသော မ အသံကို ကြားပေမယ့် မီးငယ် တုတ်တုတ်မျှမလှုပ်...။ လက်ထဲက စာအုပ်လေးကိုသာ မျက်တောင်မခတ်တမ်း စူးစိုက်ဖတ်ကြည့်နေမိသည်...။
စာမျက်နှာပေါ်က သေသပ်လှပသော စာလုံးဝိုင်းဝိုင်းလေးတွေသည် မီးငယ် အာရုံတစ်ခုလုံးအား နစ်မြုပ်နေစေလျက်....။
ဒီနေ့က မိုးနေ့ပဲ...။
ပြီးတော့ အဝါရောင်ပန်းပွင့်တွေကလည်း မိုးနဲ့အပြိုင် ဝေဝေဆာဆာ ဖူးပွင့်လို့...။
သူမက အဝါရောင်ပန်းပွင့်တွေကို ပြုံးပြနေတယ်...။ သူမအပြုံးက မိုးရေစက်တွေနဲ့ သိပ်ပြီးမပီပြင်လှဘူး....။
ပန်းဝါဝါတွေကို သူမ စကားတစ်ခွန်းပြောတယ် "ချစ်ခြင်းမေတ္တာဟာ ဒီလောက်နာကျင်ရသလား..."တဲ့။
မင်းအပြုံးတွေ အသက်ဝင်နေတဲ့ ချစ်ခြင်းမေတ္တာဟာ နည်းနည်းမှ မနာကျင်ရကြောင်း ပန်းဝါဝါတွေကိုယ်စား ကိုယ် ဖြေပေးမိချင်ရဲ့...။
"ဟော...ဘေဘီက ဒီမှာကိုး...၊ ကိုယ် ဒီလောက်ခေါ်နေတာကို ဘာလို့အသံမပေးတာတုန်းကွာ..."
ရင်ခွင်ကျယ်ထဲ နွေးခနဲ နစ်မြုပ်သွားတော့မှ မီးငယ် မျက်လုံးလေးပြူးကာ မ ကို မော့ကြည့်မိ၏။
"အယ်...ဘာလို့စကားမပြောပဲ ကိုယ့်ကိုပြူးကြည့်နေတာတုန်း နဒီငယ်ရဲ့....၊ တစ်ခုခုဖြစ်လို့လား...နေမကောင်းဘူးလား မှန်း...."