"မမယွန်း.."
"ငယ် လာပြီပဲ..."
ခေါင်းလေးမော့လျက် မီးငယ်ကို အားရပါးရ ပြုံးရယ်ပြနေတဲ့ သူမသည် ခုလိုကျတော့ ပီဘိကလေးငယ်လေးသဖွယ်...။
"စီးကြည့်....မီးငယ် နည်းနည်းကြာသွားတာ အားနာလိုက်တာ...."
"ရပါတယ် ငယ်ရဲ့...တို့ အချိန်ရတာပဲကို"
ယွန်း ခြေဖဝါးအောက်ထဲထိ ထည့်ပေးလာသော ခရမ်းရောင်ရင့်ရင့် ကတ္တီပါဖိနပ်လေး အထိအတွေ့က နူးညံ့နေသည်။
"ငယ့်အတွက် ဝယ်မလာပဲ တို့အတွက်ပဲ ဝယ်ခဲ့တယ်ပေါ့..."
"ဟုတ်...ဒီလိုလဲအဆင်ပြေရဲ့မလား..."
"စိတ်ချမ်းသာရင် ပြေပါ့ရှင်....အို့.."
ပြောရင်း ယွန်း မတ်တတ်ထရပ်လိုက်တော့ နာရီဝက်လောက် မလှုပ်မယှက်ထိုင်ထားတဲ့ ခြေထောက်က ကျင်တက်လာတာမို့ ယိုင်ခနဲ...။
"အဲ...ရရဲ့လား..."
ပြန်ထိုင်မကျသွားအောင် ယွန်းလက်ဖဝါးလေးကနေ မီးငယ် ဆွဲယူထားရင်း ထိန်းပေးကာ
"အကြာကြီး ဒီတိုင်းထိုင်စောင့်နေတာလား..."
"အင်း...."
ရှုပ်ထွေးသွားသည့် မျက်ဝန်းကြည်ကြည်လေးတွေသည် တကယ်ကိုမြတ်နိုးစရာ...။
ယွန်းမျက်လုံးတွေဆီ မော့ကြည့်နေသည့် သူမမျက်ဝန်းလေးတွေဆီ ဘာရယ်ကြောင့်မှန်းမသိ အလိုလို ငုံ့မိုးတိုးကပ်မိသွားသည်။
"ယွန်း..."
သူမလေးကလဲ အလိုလိုနောက်ဆုတ်သွားချိန်မှာ ယွန်းနားထဲ စန္ဒီ့အသံက စူးခနဲ...။
တစ်စုံတစ်ခုလစ်ဟာဆုံးရှုံးသွားသလို ခံစားလိုက်ရပြီး ယွန်းနှုတ်ခမ်းလေးတွေ တင်းတင်းစေ့သွား၏။ မျက်ဝန်းထောင့်က မြင်နေရတဲ့ အရိပ်တွေဆီ လှည့်ကြည့်ကာ...
"အစီအစဉ်ပြောင်းသွားတာလား..."
"အေး...ခင်ခင်က သူ့ဆီပဲလာခဲ့တော့ဆိုလို့..."
ဘောက်ဆတ်ဆတ်နဲ့ လျှောက်လာတဲ့ စန္ဒီက ယွန်းနဲ့သူမလေးတွဲဆက်ထားသည့် လက်တွေကို အတင်းဆွဲဖြုတ်ပြီး ယွန်းကို လက်မောင်းကနေ သူမဘက်ကို ဆွဲယူ၏။