သူတို့ ရင်တမမနဲ့ စောင့်ကြည့်နေတုန်းမှာပဲ တိမ့်ရဲ့ ဇာမဏီမျက်ဝန်းများက ဖြည်းဖြည်းချင်း ပွင့်လာသည်....။
နက်ရှိုင်းစူးရှသည့် မျက်ဆံနက်များက အနည်းငယ် ဆူညံနေတဲ့ဖက်ကို ရွေ့လျားစိုက်ကြည့်လာ၏။
"သမီး..."
တိမ် သတိရလာတာ သေချာတော့မှ ဦးမာန်ထက်မျက်နှာ ပြေလျော့သွားပြီး သူမအနား တိုးကပ်သွားသည်။
"ဖေဖေ...."
"သမီးလေး သတိရလာပြီ...၊ ဖေ ဝမ်းသာလိုက်တာကွာ....ဘယ်နား နာနေသေးလဲ သမီး..."
တိမ့်ကိုပွေ့ဖက်ချင်ပေမယ့် တိမ်နာကျင်သွားမှာလဲစိုးကာ ဦးမာန်ထက် လက်တွေက တိမ့်ပါးလေးတွေဆီ ထိတွေ့လိုက်၊ ပခုံးလေးဆီတင်လိုက်နဲ့ ယောက်ယက်ခတ်နေ၏။
ဖေဖေ့ရဲ့ ဒီလိုချစ်စရာကောင်းမှုကို မြင်ရတာရှားသည်မို့ တိမ်ကိုယ်တိုင်ပဲ ဖေဖေ့ရင်ခွင်ကျယ်ကြီးထဲ တိုးဝင်လိုက်ရင်း...
"တိမ်မနာတော့ပါဘူး..."
"တော်သေးတာပေါ့...ဖေဖေ စိတ်ပူနေတာ၊ ဖေဖေ သမီးကို မကာကွယ်နိုင်ခဲ့ဘူး...."
မျက်ရည်တွေဝဲနေတဲ့ အဖေ့မျက်ဝန်းတွေကို ကြည့်လိုက်တာနဲ့ ဘယ်လောက်အပူတွေလှိုက်စားခဲ့မှန်း တိမ်သိပါ၏။
ဖေဖေ့ကျောပြင်ကို ကလေးလေးလို တိမ် ပုတ်ပေးကာ...
"တိမ့်ပခုံးပေါ်မှာ နှပ်တွေထွက်ခွင့်မပြုဘူးနော် ဖေဖေ...."
"အဟားးး အဆိုးမလေး....အလွမ်းသယ်နေတဲ့ ဖအေကို ဒီလိုပြောစရာလား...."
သမီးပခုံးလေးနဲ့ပဲ မျက်ရည်တွေကို ခိုးသုတ်လိုက်ပြီး ဦးမာန်ထက် အောင်နိုင်သူလို ပြုံးသည်။
"ဘယ်လိုလုပ်မလဲ...တိမ်ကလေး ပခုံးမှာသုတ်ပြီးသွားပြီ ဟားဟားး..."
"ယားးး ဖေဖေ ညစ်ပတ်တာ...."
"ဟားဟားး..."
အချိန်အတော်ကြာ ပျောက်ကွယ်နေတဲ့ ဦးမာန်ထက်ရဲ့ အရယ်အပြုံးတွေ ရောက်လာတော့မှ သူ့ငယ်သားတွေအားလုံး တိတ်တိတ်လေး သက်ပြင်းချမိသည်။
နေ့တိုင်း သူတို့အသက်လေးတွေကို သေမင်းက မျက်စောင်းမထိုးနိုင်တော့ဘူး...ကောင်းလိုက်တာ..။