"နောက်ဘဝမှာ ကောင်းကောင်းပျော်ရွှင်ပါ..."
မြေပုံမို့မို့လေးထက် စံပယ်ပင်စိမ်းစိမ်းလေးတွေကို ပျိုးပေးရင်း မီးငယ် တိုးတိုးလေးရေရွတ်မိသည်။
"မြလေးနေမကောင်းတဲ့နေ့ထဲက မဲလုံးလဲ အစားမစားပဲ နေမကောင်းဖြစ်တော့တာပဲ..."
မျက်ရည်တွေကို တိတ်တိတ်လေးခိုးသုတ်ရင်း နေခြည်က ပန်းပင်တွေပေါ် မြေထပ်ဖို့သည်။
မီးငယ်ကို ပြန်ခေါ်လာပေးလို့ မဲလုံးထွက်သွားရတာလား...။ ကာကွယ်ပေးမှုတွေအတွက် မီးငယ် သေချာကျေးဇူးမတင်ရသေးဘူးလေ...။
နှာသီးဖျားလေးနဲ့ မျက်ခွံစပ်လေးတွေနီမြန်းလာတဲ့ မြလေးကို နေခြည်ပွေ့ဖက်လိုက်ရင်း
"မငိုပါနဲ့တော့...မြလေး ပင်ပန်းနေပြီလေ"
"အင့်...."
ရှိုက်သံတိုးတိုးလေးပြုရင်း သူမလေးသည် ခေါင်းညိတ်သည်။
"မိုးရွာတော့မယ်....ကျွန်မတို့ ဆိုင်ထဲဝင်ရအောင်"
"အင်း..."
မြေပုံလေးကနေ ထရပ်တော့ မိုးဖွဲလေးများနဲ့အတူ လတ်လတ်ဆတ်ဆတ် မိုးသက်လေက မီးငယ်တစ်ကိုယ်လုံးကို ပွေ့ဖက်နှုတ်ဆက်ပြီး ပြန်လည်ထွက်ခွာသွားသည်...။
မိုးစက်လေးတွေကို လက်ဖျားလေးထက် ခံယူရင်း မီးငယ် တိုးတိုးတိတ်တိတ် မှာတမ်းခြွေမိသည်။
ကိုယ့်ကိုယ်ကို ကောင်းကောင်းဂရုစိုက်ပါ.....။
.
..
.
အစိုးမရတဲ့ ရန်ကုန်မိုးက သည်းသည်းမည်းမည်း ရွာနေချိန်မှာပဲ ဟန့်တစ်ကိုယ်လုံး ရွှဲနစ်သွားသည်။
ကျစ်...စိုစိစိနဲ့နေရတာ မုန်းပါတယ်ဆိုမှ...။
Mini Marketလေးထဲကနေ လိုအပ်တာတွေဝယ်နေတုန်း ရွာချလာသည့် မိုးပါလေ...။ အကျင့်ပါနေသည့်အတိုင်း ကျောပိုးအိတ်ထဲကနေ ထီးကိုထုတ်ယူလိုက်ပေမယ့် ဗလာနတ္ထိ။
သူ့ကျောပိုးအိတ်ထဲမှာ အမြဲတမ်းရှိနေကျထီးက ဘယ်ရောက်သွားတာလဲ...။
စိတ်နဲ့လူက မကပ်နိုင်ခင်မှာပဲ ဘာလို့ထီးတစ်ချောင်း ထပ်မဝယ်ပဲ မိုးရွာထဲပြေးထွက်မိခဲ့လဲမသိ...။ စိုရွှဲသွားတော့မှပဲ ကိုယ့်ကိုယ်ကို သတိဝင်လာပြီး စိတ်ပျက်သွားမိသည်။