Unicode
Tearing Me Up Chapter 15
အမြဲလိုလိုတိတ်ဆိတ်နေလျက်ရှိသော ဇေယျသိဟ်ခအိမ်တော်ကြီးမှာ ယခုတော့ ပစ်ခတ်သံများဖြင့် ဆူညံနေလျက်ရှိသည်။ ကျယ်လောင်လှသော သေနတ်သံတဒိုင်းဒိုင်းဟာ အိမ်တော်တစ်ခုလုံးကို ခြောက်ခြားဖွယ်ရာကောင်းအောင် ပျံ့နှံ့နေသည်။ ခြံရံဟာ အိမ်တော်အတွင်းသို့ ဝင်ရောက်ကျူးကျော်လာသူမှန်သမျှအား အံ့သြတုန်လှုပ်ခြင်းအလျှဥ်းမရှိသည့်နှယ် လက်ဖြောင့်ဖြောင့်နှင့် ပစ်ခတ်နေသည်။ စက္ကန့်တိုင်းမှာ ကျူးကျော်သူတို့ သေနတ်ကိုင်ထားရာ လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်များကို ပစ်ခတ်လိုက်သဖြင့် ထိုသူများမှာ ကြမ်းခင်းပေါ်ကို တစ်မုဟုတ်ချင်း လဲကျသွားရသည်။ နီရဲစိုစွတ်နေသော သွေးစက်ရဲရဲများဟာ အဖြူရောင်စကျင်ကျောက်ပြားများပေါ် ပြန့်နှံ့စီးဆင်းနေ၏။
ခြံရံသည် အပေါ်ထပ်သို့တက်ရာ လှေကားအနီးမှ မခွာဘဲ ဒုတိယထပ်ကို မည်သူမျှတက်ရောက်ခွင့်မရအောင် ကာကွယ်နေသကဲ့သို့ ပစ်ခတ်နေသည်။ မကြာလိုက်။ သူ၏လက်အောက်ငယ်သားများရောက်လာသောအခါမှာတော့ အသံဗလံများက ပိုကာဆူညံသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးဟာ အပြန်အလှန် ပစ်ခတ်သံများသာ ကြီးစိုးသွားတော့၏။
"အစ်ကိုလေး....."
ဦးဇာနည်ဟာ ခြံရံ့အနား အပြေးလာကာ သခင်ဖြစ်သူ ထိခိုက်မှုရှိမရှိကိုပထမဆုံးစစ်ဆေးကြည့်ရှူလိုက်သည်။
ခြံရံ့ကမူ ဦးဇာနည်ကိုတစ်ချက်မကြည့်။ လက်ထဲက သေနတ်ကို ဦးဇာနည်ထံ မှန်းဆပစ်ပေးလိုက်ပြီး ဘောင်းဘီအိတ်များထဲ လက်ထည့်ကာ လဲကျနေသူတစ်ဦးဆီ အေးအေးလူလူလျှောက်သွားသည်။ အိမ်တော်ကိုမျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်တော့လည်း သွေးထွက်သံယိုမြင်ကွင်းများသာ ရှိလို့နေတာတွေ့တော့ ခြံရံဟာ စုတ်တစ်ချက်သပ်လိုက်သည်။ သူ့ရှေ့မှာလဲကျနေသူ၏ ရင်ဘတ်ပေါ်ကိုတော့ ခြေထောက်တစ်ဖက်ဖြင့် နင်းထားလိုက်၏။
"ဘယ်သူ့လက်အောက်ကလဲ......"
ထိုသူဟာ ပြန်မဖြေဘဲ နှုတ်ပိတ်နေသည်။ ခြံရံဟာ ဒါမျိုးကိုသိပ်ပြီး စိတ်မရှည်။ ဘယ်သူခိုင်းတယ်ဆိုတာသိရဖို့ ဒီတစ်နည်းပဲရှိတာမျိုးလည်း မဟုတ်တာကြောင့် ဦးဇာနည်လက်ထဲမှ သေနတ်ကို ခပ်သွက်သွက်ပြန်ယူကာ ထိုသူ့ဦးခေါင်းတည့်တည့်ကိုပစ်ချလိုက်တော့၏။
YOU ARE READING
Tearing Me Up (BL OC )
Romansကိုကိုက ကျွန်တော့်ကို ရူးသွပ်သွားစေနိုင်တဲ့ တစ်ခုတည်းသောဖြစ်တည်မှု......။ Starting Date Apr 14 -