Unicode
Tearing Me Up Chapter 18
ဆောင်းလေရဲ့ အိမ်ထဲကနေ ရှင်းသထွက်လာတာကိုမြင်တော့မှ ခြံရံတီးနေသောကားဟွန်းသံက ရပ်တန့်သွားသည်။ ခြံရံသည် ကားပေါ်ကဆင်းလာကာ ကားတံခါးကိုအသံမြည်အောင် ခပ်ကြမ်းကြမ်းဆောင့်ပိတ်လိုက်၏။ သူ့ဒေါ်သကိုဖော်ပြနေသကဲ့သို့သော မျက်နှာမှာလည်း ရွာကျခါနီးကောင်းကင်တစ်ခုကဲ့သို့ မှုန်မှိုင်းနေကာ မျက်မှောင်ကို ပုံမှန်ထက် ပိုကုတ်ထားသေး၏။
ရှင်းသကိုယ်ပေါ်မှာရှိနေသည့် သူမမြင်ဖူးခဲ့သော အဝတ်အစား။ နဖူးကျဥ်းကျဥ်းလေးထက်ကို ကပိုကရို ခွေကျနေသောဆံနွယ်စ ပျော့ပျော့လေးများ။ ထိုအရာအားလုံးက သူ့ကိုအလိုလိုဒေါသထွက်နေစေသည်။ ခြံရံဟာ မှောင်ရီပျိုးစပြုနေသော ပတ်ဝန်းကျင်ကိုကြည့်ပြီး စိတ်တိုတိုနှင့်နှာမှုတ်ထုတ်လိုက်သည်။ ဘေးဘီပတ်ဝန်းကျင်ကိုကြည့်တော့ ဤအိမ်ကြီးကလည်း သူတို့အိမ်တော်နီးပါးကျယ်ဝန်းတာကိုမြင်ရသည်။ အိမ်ခြံဝန်းအတွင်းမှာလည်း ဆောင်းလေရဲ့အလုပ်သမားတွေကလွဲပြီး မည်သူမျှရှိဟန်မတူဘဲ ခြံဝန်းတစ်ခုလုံးက သစ်ပင်တွေအုပ်အုပ်ဆိုင်းဆိုင်းနှင့် တိတ်ဆိတ်လွန်းနေ၏။ ထိုကဲ့သို့တိတ်ဆိတ်နေပုံမျိုးနှင့်ဆိုလျှင် မည်သည့်ကိစ္စကို ကျူးလွန်ကျူးလွန် အကူအညီတောင်းခံရန်ခက်ခဲနိုင်ကြောင်းတွေးမိတော့ ခြံရံ့ပူပန်မှုတွေဟာ နဂိုထက်ပိုပြီးတစ်ဆင့်မြင့်တက်သွားသည်။
"ဒီကို ဘာလာလုပ်တာလဲ....."
တွေ့တွေ့ချင်းမှာပင် ထိုနတ်ဘုရားရဲ့ အေးစက်သောစကားလုံးတို့က သူဝိဥာဥ်ကိုစတင်လှုပ်နှိုးလာသည်။
ရှင်းသရဲ့အမေးကို မဖြေခင် ခြံရံဟာ ရှင်းသလည်ပင်းမှာရှိနေသည့် အနီရောင်အရစ်ကိုမှုန်ကုတ်ပြီး ကြည့်နေသည်။ ဒီလိုရောင်ကိုင်းမှုမျိုးကို သူကောင်းကောင်းသိနေပါ၏။ ရှင်းသရဲ့အသားနုနုလေးကို ဘယ်လိုအပြုအမူမျိုးလုပ်လိုက်လျှင် ဒီလိုအရာမျိုးဖြစ်လာမည်ကိုလည်း သူကောင်းကောင်းတွေးဆမိသည်။
ထို့ကြောင့်လေလားမသိ။ ခြံရံဟာစိတ်ကိုကောင်းကောင်းမထိန်းထားနိုင်တော့ဘဲ ရှင်းသလက်ကောက်ဝတ်ကိုချက်ချင်းပင် ဆောင့်ဆွဲကာ သူ့အနားရောက်စေလိုက်သည်။ ထို့နောက် လက်ဖျားလေးတွေက နီရဲနေသောလည်ပင်းနားကို ရောက်လုရောက်ခင် ဖြစ်သွားစဥ်မှာပင် ရှင်းသရဲ့ပြန်လည်တွန်းထုတ်ခြင်းကို ခံလိုက်ရတော့၏။
YOU ARE READING
Tearing Me Up (BL OC )
Romanceကိုကိုက ကျွန်တော့်ကို ရူးသွပ်သွားစေနိုင်တဲ့ တစ်ခုတည်းသောဖြစ်တည်မှု......။ Starting Date Apr 14 -