[Unicode]🌼
ထယ်ဟျောင်း စိမ်းစိုစိုမြက်ခင်းများပေါ်မှ နင်းလျှောက်ရင်း ဂေဟာအရှေ့ဘက်ဆီသို့ဆက်လှမ်းလာမိသည့်အခါ သစ်ပင်အိုကြီးများဖုံးအုပ်ပြည့်နှက်နေသည့် တောလမ်းငယ်လေးသဖွယ်တည်ရှိသည့် လျှောက်လမ်းလေးတစ်ခု၏ လမ်းစသို့ရောက်ရှိလာရသည်။ ထိုမှတဆင့် ခြေလှမ်းများကိုရှေ့ဆက်တိုးမိလေတော့ ကြီးမားကျယ်ပြန့်လွန်းလှသည့် မြစိမ်းရောင်တောင်တန်းတို့က ၀န်းရံထားလေသော အိမ်ငယ်လေးတစ်လုံးအားတွေ့လိုက်ရသည်။
စိမ်းရောင်လွှမ်းသောပတ်၀န်းကျင်၏ အလယ်ဗဟိုတွင် ဆေးဖြူသုတ်ထားသည့်အိမ်ငယ်လေးဟာ လှလှပပတည်ရှိနေလေသည်။ သို့သော် ဆိတ်ငြိမ်အေးချမ်းသည့်ပတ်၀န်းကျင်ဖြစ်သည့်အလျောက် ထိုအိမ်ကလေးမှာ အဝေးကကြည့်ရုံနှင့်ပင် ခြောက်ကပ်ဆွေးမြေ့ဖွယ်ကောင်းလွန်းလှပေသည်။
စူးစမ်းချင်မိသည့်စိတ်တို့ကအစိုးမရစွာပင် ထယ်ဟျောင်း ထိုအိမ်လေးရှိရာသို့ခြေလှမ်းများကို တရွေ့ရွေ့နှင့်ပင် ရှေ့ဆက်တိုးနေမိသည်။
အညိုရောင်ကျွန်းတံခါးကြီးကိုတွန်းဖွင့်ကာ အိမ်ထဲသို့ ခြေချလိုက်သည်နှင့် ရင်းနှီးနေသည့်အငွေ့အသက်တို့က သူ့ထံသို့ အိမ်တွင်းရှိလေထုနှင့်အတူ ပြည့်နှက်ပျံ့လွင့်လို့လာသည်။ တဆက်တည်းမှာပင် စီးကရက်နံ့သင်းသင်းက ထယ်ဟျောင်းနှာခေါင်း၀ဆီသို့တိုး၀င်ကာ နေရာယူလာသည်။
နက်မှောင်စူးရှနေသည့်မျက်၀န်းတစ်စုံက ပစ်မှတ်တည်ရှိရာကို စူးစမ်းရှာဖွေကြည့်သည့်အခါ တောင်တန်းများဆီမျက်နှာမူထားသည့် ပြတင်းတံခါးရှိရာတွင်နေရာယူထားသည့် သူနှင့်ရင်းနှီးကျွမ်း၀င်လွန်းလှသည့် ကျောပြင်ငယ်လေးကို တွေ့လိုက်ရ၏။ နောက်ကျောဘက်မှမြင်တွေ့နေရသည့် ထိုသူ၏နောက်ကျောပုံရိပ်မှာ ခါတိုင်းနှင့်မတူစွာ သူမြင်နေကျပုံစံမျိုးဟုတ်မနေဘဲ နွမ်းနယ်အားလျော့လို့နေသည်။ အသေအချာ သတိထားကြည့်မိပါလျှင် ထိုသူက အထီးကျန်နေသည်ဟုပင် ထယ်ဟျောင်း ယူဆချင်မိလာသည်။
"ကိုကိုက ဒီမှာရှိနေတာပဲ"
"ဒီနေရာကိုဘယ်လိုရှာတွေ့တာလဲ"