[Unicode]🌼
တိမ်ကင်းစင်လျက်ရှိသောကောင်းကင်ပြာကြီးအောက် လေပြည်ညင်းတို့တိုက်ခတ်ဖြတ်ပြေးသည့်အခါ ချယ်ရီပွင့်လေးတချို့မြေခကြရရှာသည်။ ပန်းချီကားတစ်ချပ်ကဲ့သို့လှပလွန်းစွာသက်ဆင်းလာသော ချယ်ရီတို့အားဖမ်းဆုပ်နေသည့် သေးငယ်သောလက်ကလေးတစ်စုံနှင့်အတူတခစ်ခစ်ရယ်မောနေသံလေးက ချယ်ရီဖွေးသောထိုလမ်းတစ်လျှောက်ကိုဖုံးလွှမ်းသွားစေ၏။
''ထယ်ထယ်လေး မေမေတို့ပြန်ကြမယ်လေ''
''ပြန်ချင်သေးဘူး ထယ်ထယ်ကဆော့ချင်သေးတာကို''
''ထယ်လေးကလိမ္မာတယ်မလား ပြန်ကြမယ်နော်''
'' အိမ်ပြန်ရင်ဖေဖေကထယ်ထယ့်ကိုဆူမှာ''
သူမ၏အကျီစလေးအားဆွဲကိုင်လျက် မျက်လွှာချကာဖြင့်ပြောဆိုလာသည့်ကလေးငယ်လေး၏သေးသိမ်နေသည့်အသံငယ်လေးက သူမနှလုံးသားထဲအထိကိုတိုး၀င်လှုပ်ခတ်ကာ ထိုနှလုံးသားတစ်ခုလုံးဖျစ်ညှစ်ခံရသကဲ့သို့နာကျင်လှ၏။ သူမအပြစ်တွေ...သူမရဲ့အပြစ်တွေကြောင့်အပြစ်မရှိတဲ့ ကလေးငယ်လေးနာကျင်ရရှာပြီ။
''မဆူပါဘူးကလေးရယ် မေမေရှိတယ်လေ...မေမေကမင်းကိုကာကွယ်ပေးမှာပေါ့''
''မေမေ့ကိုရိုက်မှာ....ထယ်ထယ့်ကိုကာကွယ်ပေးရင်မေမေ့ကိုရိုက်လိမ့်မယ်''
'' မေမေအဆင်ပြေပါတယ်..."
"ထယ်ထယ်ကြီးလာရင်မေမေ့ကိုပြန်ပြီးကာကွယ်ပေးမှာ"
ချယ်ရီပွင့်လေးတစ်ပွင့်ကိုဆုပ်ကိုင်လျက်ဖြင့် မျှော်လင့်ချက်ရောင်ခြည်လေးများသန်းနေသည့်မျက်၀န်းငယ်လေးတွေက သူမရဲ့ရင်ကိုထပ်မံ၍နာကျင်အောင်ဖိနှက်ပြန်သည်။ ဖြူစင်ပြီးသိတတ်လိမ္မာလွန်းတဲ့ကလေးလေးကို မေတ္တာတွေပေးရမည့်အစား နာကျင်မှုတွေပဲပေးနေမိတဲ့ သူမကမိခင်တစ်ယောက်တောင်ဖြစ်ထိုက်ပါရဲ့လား။ သူမက ထိုကလေးရဲ့မိခင်ဆိုသည့်အမည်ကိုတောင်ခေါ်ဆိုခံရခွင့်မထိုက်တန်သည့်လူစားမျိုးပင်မဟုတ်ပေလား။
----------------
ဒုန်း....ခလွမ်း...
ကလေးငယ်၏လက်ကိုဆွဲကာအိမ်သို့ပြန်ခဲ့ပေမယ့် အိမ်ရောက်ရောက်ချင်းပင်အိမ်၀ကကြားရသောဆူညံသံများကအမှန်ပင်ထိတ်လန့်စရာ။
ကြောက်လန့်နေပုံရသောကလေးငယ်မှာ သူမ၏အင်္ကျီစလေးအားဆွဲလျက်ဖြင့် သူမ၏အနောက်သို့ကွယ်ကာပုန်း၏။
