[Unicode]🌼
အမြဲတစေအမှောင်ချထားတတ်သောအခန်းငယ်လေးသည် ယခုလည်းအလင်းမဲ့နေဆဲပင်။ တိတ်ဆိတ်ခြောက်ကပ်ခြင်းတို့ဖုံးလွှမ်းသောထိုနေရာကို သူကအဘယ်ကြောင့်များသဘောကျနှစ်သက်နေရသနည်း?
"ထယ်! ထယ်! ထယ်ဟျောင်း...မင်းဒီမှာရှိနေလား"
ထိုကလေး၏အမည်နာမကိုဟစ်အော်ရင်း မိမိအားအကြောင်းပြန်လာဖို့စောင့်ဆိုင်းနေမိသော်လည်း ထိုကလေး၏အသံတစ်သံပင်ထွက်မလာခဲ့။ အခန်းထဲသို့၀င်ရောက်ကာနေရာအနှံ့ရှာကြည့်သော်လည်း ထိုကလေး၏အရိပ်အယောင်ပင်မတွေ့ရ။ ထို့နောက် ၀ရံတာမှတဆင့်လှမ်းမြင်နေရသောအရိပ်ကလေးသည် ခြံ၀င်းထဲတွင် ငေးငိုင်ကာထိုင်နေပုံရသည်။
မှောင်မိုက်တိတ်ဆိတ်နေသောညကောင်းကင်ယံကြိီး၏အောက်တွင် ထိုခြံ၀င်းထဲရှိတစ်ပွင့်တည်းသောကြယ်ကလေးသည် အလင်းရောင်ဟူသည့် မည်သည့်အကူအညီမှမပါပဲဖြင့် တစ်ကိုယ်တည်းတောက်ပနေသေး၏။"ဒေါ်ကြီး...ဟိုကလေးကိုသွားခေါ်လာခဲ့"
"ဟုတ်ကဲ့"
သိပ်မကြာ အိမ်အကူအဒေါ်ကြီး၏လက်ကိုဆွဲ၍ပါလာသောအသေးလေးသည် စတွေ့ခြင်းနေ့ကလောက်သူ့ကိုကြောက်ရွံ့နေဟန်မရှိတော့။
ဒါမှမဟုတ် သူ့ဘက်ကပဲအရမ်းရောပြနေမိလို့လားမသိ။"ထယ်! ဘာလုပ်နေတာလဲ အမှောင်ထဲမှာ"
" ဟို...."
"မင်းညစာဆင်းမစားဘူးဆို"
"ဟုတ် ထယ်ထယ် ဗိုက်မဆာလို့ပါ ကိုကို"
"မစားချင်လဲစားရမယ် ဒေါ်ကြီးတို့ကဘာလုပ်နေတာလဲ ထမင်းကိုအချိန်နဲ့ကျွေးဖို့ ကျွန်တော်မှာထားတယ်မလား"
တာ၀န်မကျေမှုကိုအပြစ်ဖို့တော့ ပြာပြာသလဲတောင်းပန်လာရှာသည့်မိန်းမကြီးကို ထိုကောင်လေးကအားနာဟန်ဖြင့်ကြည့်သည်။ သူ့အတွက်နဲ့ဆူဟောက်ခံနေရသည်ကိုမကြည့်ရက်သော ထိုကလေးမှာအင်မတန်ကိုစိတ်နုလွန်းသည်ပင်။
"ဟုတ်...ဟုတ် ဒေါ်ကြီးနောက်မဖြစ်စေရပါဘူး အစ်ကိုလေးရယ်"
"ဒေါ်ဒေါ့်ကိုမဆူပါနဲ့တော့နော် ထယ်ထယ်စားပါ့မယ် ကိုကို"