[Unicode]🌼
[~~Knock Knock~~]
"ကိုကို...ကျွန်တော်ပါ"
"၀င်ခဲ့"
တံခါးမကြီးကိုဖွင့်ကာ၀င်လိုက်သည်နှင့် အခန်းအတွင်းရှိချိုမွှေးမွှေးအနံ့ကလေးက ခပ်သင်းသင်းနှင့်စိတ်ကိုလန်းဆန်းသွားစေသည်။ မည်သည့်အမွှေးနံ့သာမှလဲ မည်မည်ရရအသုံးပြုလေ့မရှိသည့်သူထံမှ တစ်ခါတရံ ထိုအနံ့လေးကို ထူးထူးခြားခြားရနေတတ်သလို ထိုသူ၏အနီးနားပတ်၀န်းကျင်တွင်လည်း ပျံ့လွင့်နေတတ်သေးသည်က သိပ်ကိုဆန်းကြယ်လွန်းလှသည်။ တစ်ခါတလေများတွင်ဆို ထယ်ဟျောင်း စိတ်ကူးပေါက်ပေါက်နှင့် တွေးမိတတ်သေးသည်က ထိုလူသားသည်လူယောင်ဆောင်ထားသည့်နတ်ပန်းကလေးတစ်ပွင့်များလားလို့လေ။
"မင်း-ကိစ္စရှိလို့လား?"
"ဟို-အရေးတကြီးရယ်တော့မဟုတ်ပါဘူး-"
"ဂျွန်! မင်းဘာတွေလိုသေးလဲ?"
"အင်း...မလိုတော့ဘူး"
ထယ်ဟျောင်း ကိုကို့ရဲ့အခန်းထဲကို၀င်လာတော့ မြင်လိုက်ရသည်က ကိုကို့ရဲ့အ၀တ်တွေကို ခရီးဆောင်အိတ်ထဲသို့အသေအချာထည့်နေသည့် ဦးလေးကြီးLeo နှင့် ကုတင်ပေါ်တွင်ထိုင်လျက်သားနှင့် စာအုပ်တစ်အုပ်ကိုစိတ်၀င်တစားဖတ်နေပါသည့် ကိုကို...။
"ကိုကို ခရီးသွားမလို့လား"
"အင်း..."
စာအုပ်မှအကြည့်မခွာသည့်အပြင် သူ့ကိုလှည့်မကြည့်ပါဘဲနှင့် ဖြေလာသည့် ကိုကိုကသူ့ကိုအဖတ်မလုပ်ချင်သည့်ဟန်။
"ဟို...ကျွန်တော်ရော လိုက်ခဲ့လို့ရမလား ဟင်"
ထိုမှသာ သွေးအေးလူသားလေးရဲ့မျက်၀န်းတို့ကစာအုပ်ထံမှဖယ်ခွာလျက် သူ့အားငေးမော့ကြည့်လာတော့၏။
"မင်း စာမေးပွဲရှိတယ် မဟုတ်ဘူးလား"
"စာမေးပွဲက မနေ့ကပဲပြီးတာ ကိုကို...အိမ်မှာနေရတာငြီးငွေ့နေပြီမို့ အဲ့တာကြောင့် ကျွန်တော့်ကိုခေါ်သွားပါနော်"
ကိုကိုက သူ့ထက်ပင်ပို၍အရေးကြီးသည့် တာ၀န်၀တ္တရားတွေကိုထမ်းဆောင်နေရသည့်သူတစ်ဦးပေမို့ သူနဲ့ပက်သက်သည်များကို စိတ်၀င်တစားရှိမနေခဲ့သည်ကို ထယ်ဟျောင်းနားလည်နိုင်ပါသည်။ သို့ပေမယ့် ရင်ထဲက အောင့်သက်သက်ခံစားမှုတို့ကိုတော့ လျစ်လျူရှူမရသည်ကအမှန်ပင်။
