[Unicode]
"ကိုကို!"
တစ်ချက်၊ နှစ်ချက်မှသည် အချက်ပေါင်းများစွာအထိ ထယ်ဟျောင်း ထိုသူ၏အခန်းတံခါးချပ်အားတီးခေါက်နေမိသော်ငြား တစ်ဖက်မှတုံ့ပြန်ခြင်းမရှိသည့်အခါတွင်တော့ သူစိတ်ပျက်သွားမိပါ၏။
ထိုသူသည် သူ့အားအမြဲလိုလို လျစ်လျူရှုနေသကဲ့သို့ ခံစားနေရသည့် သံသယသဖွယ်ထိုခံစားချက်သည် ကပ်ရောဂါတစ်ခုလို သူ့ထံတွင်ကပ်တွယ်လို့နေလေသည်။တူ•••• တူ••••
ဖုန်းထဲသို့၀င်ရောက်လာသည့် စာမက်ဆေ့ခ်ျတစ်ခုကို သူကြည့်မိတော့ ၎င်းမှာလိပ်စာတစ်ခုပင်ဖြစ်၏။
သူ ပြန်စာတစ်စောင်ကိုရိုက်ပို့လိုက်ပြီးနောက်တွင်တော့ လူသူကင်းမဲ့နေပုံရသည့်အခန်းငယ်ကိုသာ ကျောခိုင်းခဲ့လေတော့သည်။ယနေ့သည် သူတို့အားလုံး ဂေဟာမှပြန်ကြတော့မည့်နေ့ပင်ဖြစ်၏။ ဂေဟာသို့ရောက်ရှိနေခဲ့သည့် သုံးရက်တာကာလအတွင်းမှာ လုပ်ငန်းကိစ္စတွေကို ဘေးချိတ်ထားသည်မို့ ဂျောင်ဂု အနည်းငယ်တော့ စိတ်ချမ်းသာခဲ့ရသည်ပင်။ ထိုသို့ ခဏတာပေါ့ပါးလွတ်လပ်သွားခဲ့ရသည့် သူ၏အတုအယောင်ဘ၀တစ်ခုကို ဂျောင်ဂု မက်မောမိနေသည်ကိုတော့ သူမငြင်းဆိုချင်ပေ။
လာရာလမ်းကြောင်းအတိုင်း ပြန်ကြဖို့လုပ်သော်ငြား ပြဿနာက ထိုတွင်စသည်။ ကလေးမဟုတ်၊ လူကြီးမဟုတ်နှင့် ထိုနှစ်ယောက်သားအကြား မီးတောက်တစ်ခုကအစပြုလေသည်။ ထိုမီးတောက်တို့ကြား ပူလောင်နေရသည်ကတော့ ဂျောင်ဂု ပင် ဖြစ်လေသည်။
"မင်းမှာ ကားပါလာတာပဲ ကိုယ့်ဘာသာပြန်!"
နက်မှောင်သည့်မျက်ခုံးတို့ကိုတွန့်ချိုးလျက် ထယ်ဟျောင်း က မသာမယာလေသံနှင့် ဆိုလေသည်ကို ကျန်တစ်ယောက်ကလည်းမခံ ပြန်ခံပက်သည်။
"ကားပျက်နေတယ်လို့ မင်းကိုပြောနေတယ်လေ!!"
ထိုစကားကိုကြားလိုက်ရတော့ ထယ်ဟျောင်း လက်နှစ်ဖက်ကိုခါးတွင်ထောက်လိုက်ရင်း အူလှိုက်သည်းလှိုက် ရယ်မောမိပါ၏။
"ဟား...ဟားဟား! မနေ့ကအထိ အကောင်းပကတိအတိုင်းရှိနေတဲ့ကားက ဒီနေ့ကျမှ ချက်ချင်းကိုပျက်သွားရောလား!!"