အပိုင်း (၁)

8.4K 222 17
                                    

"ဆရာလေးတို့ သွားလို့ရပါပြီ"

စစ်ဆေးရေးဂိတ်မှ ကျော်လွန်အပြီး သက်မမော တစ်လွှာ ကွာကျသွားရသည်။ ကျွန်တော် လိုက်ပါ စီးနင်းလေသော ကက်သလစ် ခရစ်ယာန် သီလရှင်ဂိုဏ်း၏ ဟိုက်ဂျက် ကားအဖြူလေးသည် ကယားပြည်အကျော် ရှမ်းပြည်ကို ဦးတည်လေပြီ။

ဌာနေကို ကျော်လွန်သွားခဲ့ပြီ။

မြို့ငယ်‌လေး အထွက်က ရွှေရောင်ခြယ်ဆေး အုတ်ဆိုင်းဘုတ်လေးကို သမင်လည်ပြန် လှည့်ကာကြည့်ရင်း ကျွန်တော် ဇေယျာဦး ရင်တွေ လေးလံထုံထိုင်း မှိုင်းညှို့ပူဆွေး လာသည်။

ဝေးရပြီ ဌာနေကရင်နီရယ်။ အဆွေးတွေနှင့် ဝေးရပြီ။

မျက်ဝန်းကိုမှိတ် ရင်ကိုပင့်ပြီး အရှေ့ဘက်ဆီ ပြန်လှည့်သည်။ ဘေးနားက စစ္စတာရ်‌ မာရိယာမှာ ကျွန်တော့်နည်းတူ စကားနည်းသည်ဖြစ်၍ ဆရာမ မွန်ဟော်စီ၏ 'Mental Detox' စာအုပ်ကို ငြိမ်သက် ဝင်စားစွာ ဖတ်ရင်း လိုက်ပါလာသည်။ ကားရှေ့ခန်းက စစ္စတာရ်ကြီး မာဒလေးနာသည် အာဝဇ္ဇန်း ရွှင်လှသော ကားဆရာလေးနှင့် စကား တပြောပြောဖြင့်။ တစ်ခန်းခြား ဖြစ်သောကြောင့် သူတို့ ပြောနေကြသည်ကို မကြား။

ကျွန်တော်မှာမူ စာလည်းမဖတ် စကားလည်း မစဘဲ အတွေးရယ် အဆွေးတွေရယ်ကို ရင်ဝယ်ပိုက်လျက် တရိပ်ရိပ် ဖြတ်ပြေးသွားလေသော ပတ်ဝန်းကျင် မြင်ကွင်းကို မျက်စိအစာ ကျွေးရန် လက်ညိုးနှင့် လက်မ,သုံးကာ မျက်မှန်ကို ပင့်တင်သည်။ ကျွန်တော့် မျက်မှန်သည် အနက်ရောင် အကိုင်းနှင့် လေးထောင့် ပုံစံမျိုး။

အ‌ဝေးမှုန် ကျွန်တော်သည် မျက်မှန်ကို ဆယ်တန်းအချိန်က စတပ်ရသည်။ ပါဝါကား တစ်ရာ တစ်ဖက်၊ ငါးရာတစ်ဖက်။ မျက်မှန် အထူကြီးနှင့် ကျွန်တော်သည် ငယ််ငယ်က သူငယ်ချင်းတွေ စနောက်နေကျ စာဂျပိုးဟူသော အုပ်စုထဲ ပါသည်။

ကျွန်တော့် ရူပက သွင်ပြင်ကား မက်မောဖွယ်မရှိ။ သာမန်ဆန်သည်။ အနည်းငယ် ထူးခြားသည်က အကြီးကြီး ပြုံးလိုက်တိုင်း ခပ်ရေးရေး ပေါ်တတ်သည့် ပါးချိုင့်တစ်ခု ညာဘက်ပါးပြင်တွင် ရှိ၏။ မြန်မာ့ရိုးရာ အဝတ်အစား ဖြစ်သည့် လည်ကတုံး လက်ရှည်နှင့် လုံချည်တို့ကိုသာ မြတ်မြတ်နိုးနိုး ဝတ်ဆင်တတ်ပြီး စကားနည်းသည်။ အပြင်သွားလျှင် နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့ 'နီလာရိုးမ' ဓါတ်ဆီဆိုင်မှ လက်ဆောင်ရ ဖြောင့်ထီးကြီး တစ်လက်ကို ဆောင်သွားတတ်ကာ အသန့်လည်း ကြိုက်ပါဘိ။ ဤသို့ အရာတွေကြောင့် လာကြိုက်မည့်သူ မရှိသလို အပေါင်းအသင်း မဆန့်။

ကျွန်တော့် ဆည်းလည်းလေး (U/Z) {Completed}Where stories live. Discover now