အပိုင်း (၂၂)

551 46 8
                                    

"ကျွန်တော့် ဒီတစ်လ လစာ။ ဖာ့ကို ကန်တော့ပါတယ်"

ငွေနှင့်အတူ မြကြာဖြူ လုံချည်အသစ် တစ်ထည်နှင့် ဖိနပ်အသစ်တစ်ရံတို့ကို ဖာ့ရှေ့ ချသည်။ ပြီးသော် ဒူးတုပ်ထိုင်ကာ ကျွန်တော် လက်ဆယ်ဖြာ မိုးထား၏။

ဖာ့သည် မျက်ရည် တစမ်းစမ်းနှင့် ခေါင်းတခါခါ။

"သား ကိုယ့်အတွက်ပဲ ယူသုံးပါ။ ဖာ့အတွက် ဘားမှ မလိုတော့ပါဘူး။ သားလေး ငွေတွေစုပြီး သင့်တော်တဲ့ မိန်းကလေးနဲ့ တစ်အိုးတစ်အိမ် ထူထောင်ပါ။ ဒါနဲ့တင် ဖာ့အတွက် ပြည့်စုံလွန်းပါပြီကွယ်"

ဤသို့ ဆိုနေသော ဖာ့က စကားမပီသသော်လည်း ကျွန်တော် အကုန် နားလည်ပြီ ဖြစ်သည်။

"ကျွန်တော်က အဆင်ပြေပြီ ဖာ့။ ဖာ့နဲ့ ညီမလေးတို့ကို ပြည့်ပြည့်စုံစုံ ထားဖို့က ကျွန်တော့် အိပ်မက်ပါ"

"အိမ်း...သားကောင်း ရတနာလေး။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ချစ်ရသူနဲ့ ပေါင်းဖက်ရပါစေ"

"ပေးတဲ့ဆုနဲ့ ပြည့်ပါစေ"

မပြည့်နိုင်တော့သော်လည်း ပြည့်ပါစေဟု ဆိုမိပြီ။ ဆိုပြီးလျှင် ကျွန်တော်သည် ထိခြင်းငါးပါးနှင့် ရိုသေစွာ ကန်တော့လေတော့ ဖာ့က-

"သာဓု၊ သာဓု၊ သာဓုပါကွယ်"

ဆုမွန်ကောင်း တောင်းပေးသည်။ ကျွန်တော် စိတ်ချမ်းသာရ၏။

သုသုလေးကို စာပြပေးသည်မှာ တစ်လပင် ကုန်လွန် သွားခဲ့ပြီ။ ထိုတစ်လအတွင်း ကျွန်တော်သည် ရှင်းသီရိထွေး၊ သုသုလေးတို့နှင့် အဆင်ပြေသော်လည်း ကိန္ဒရာမောင်က ကျွန်တော့်ကို အမုန်းကြီး မုန်းနေဆဲ။ ကျွန်တော့်ကို အမြဲ ရှောင်ခွာသည်။ အလိုမကျခြင်း၊ သံသယ အကြည့်များနှင့် ကြည့်သည်။

ဒုက္ခ နှစ်ပါးရှိသည်။ ချစ်သူနှင့် ကွေကွင်းရသော ဒုက္ခ၊ မချစ် မနှစ်သက်သူနှင့် ပေါင်းသင်းနေထိုင်ရသော ဒုက္ခ ဟူသတဲ့။ ကျွန်တော် တစ်ပါး ထပ်ဖြည့်ဆည်းပါရစေ။ ဤသည်ကား ချစ်မြတ်နိုးရသူ၏ မုန်းတီးခြင်းကို ခံရသော ဒုက္ခ။ ယခု ကျွန်တော် ခံစားနေရသော ဒုက္ခ။

ကျွန်တော့် ဆည်းလည်းလေး (U/Z) {Completed}Where stories live. Discover now