အပိုင်း (၁၄)

528 43 14
                                    

စတွဲသည် ဆိုသည့် နေ့မှစ၍ ကိန္ဒရာမောင်က နဂိုထက် အူမြူးနေတော့သည်။ ခါတိုင်း ရွှင်ပျပျ သူ့ပုံစံက မြေမထိတော့သည့်အလား ပေါ့ပါးတက်ကြွလျက်။ ကျွန်တော်လည်း စိတ်အေးချမ်းရပေမဲ့ မဖော်ပြရုံသာ။

ကျွန်တော် တကယ် အများကြီး ပျော်ရပါသည်။ အတူ မအိပ်ကြပေမဲ့ မနက်စာ ချက်နေလျှင် နောက်ကျောမှ လာဖက်ကာ ကပ်ချွဲနေသော ကိန္ဒရာမောင်၏ မျက်နှာ နုနုလေးကို ကြည့်ရခြင်းမှာ ပျော်သည်။ ခါးပေါ်က လက်ဖွေးဖွေးလေးကို ကျွန်တော့် လက်ကြမ်းကြီးနှင့် ဆုပ်ကိုင်ရသည့်အတွက် ပျော်သည်။

ထို့ပြင် ကျောင်းသွားချိန် ကျွန်တော် ဆိုင်ကယ် မောင်းနေလျှင် နောက်မှ တိုးကပ်လာကာ တင်းကျပ်စွာ ဖက်လာသော အထိကို သဘောကျ၏။ ပခုံးပေါ် မေးတင်တတ်သည့် မေးချွန်ချွန်လေး၏ အထိကို သဘောကျရပါ၏။ အများကြီး သဘောကျရပါ၏။

သဘောကျ၍ ပျော်သည်။ ပျော်၍ သဘောကျသည်။

ဤခံစားချက်ကို တစ်သက်လုံး သိမ်းထားချင်သည်။ သည်လူသား၏ ရင်ထဲမှာ သိမ်းထားနိုင်ဖို့ ခွန်အားတွေ ပေးပါ ကြယ်လေးရေ။

ရှေ့တွင် မီးပုံလေးသည် တတောက်တောက် လောင်ကျွမ်းနေသည်။ ကြယ်လေးတွေသည် တဖြောက်ဖြောက် လင်းလက်နေသည်။

လေလေး တဖြူးဖြူးနှင့် အေးမြသော ညလေးမှာ ကြယ်ကလေးတွေကို ငေးကြည့်ရခြင်းအား ကျွန်တော် အထူး သဘောကျသည်။ လေတိုးသံ၊ သစ်ရွက်ချင်း ပွတ်တိုက်သံတို့ကို နားထောင်ရခြင်းအား ကျွန်တော် နှစ်ခြိုက်သည်။ ပတ်ဝန်းကျင် တိတ်ဆိတ်ခြင်းသည် ကျွန်တော့် အတွင်းစိတ်၏ ခွန်အားကို ဖြည့်ပေးသည်။ ဤအတွက်ကြောင့် တောင်ပေါ်ဒေသမှာ ကျွန်တော် နေပျော်ခြင်း။ 

ကျွန်တော်က တောထွက်ဖို့ မသင့်ပေဘူးလော။ သို့သော် တွယ်တာရမည့် ချစ်ခြင်း မေတ္တာကြိုးက တိုးလာလေတော့...မဖြစ် မဖြစ်နိုင်ပါဘူးလေ။

"ဦးကိုကို..."

"ဟေ"

အတွေး များနေစဉ် လာခေါ်သော အသံချိုကြောင့် ခေါင်းလှည့် ထူးရ၏။ ကိန္ဒရာမောင်၏ လက်ထဲမှာ အငွေ့တထောင်းထောင်း ထနေလေသော ကော်ဖီပူပူ နှစ်ခွက်။

ကျွန်တော့် ဆည်းလည်းလေး (U/Z) {Completed}Where stories live. Discover now