အပိုင်း (၂၄)

1.3K 61 6
                                    

ဆရာမ ဒေါ်ဧကရီဗိုလ်နောက် ကျွန်တော် လိုက်သွားရန်သာ ဆုံးဖြတ်လိုက်သည်။ ဆေးရုံ၏ ခေါင်မိုးထပ် ရောက်သော် ဆရာမ ဒေါ်ဧကရီဗိုလ်က အစွန်းထိ သွားရပ်ခိုင်းပါသဖြင့် ကျွန်တော့်ကို လုပ်ကြံ သတ်ဖြတ် တော့မည်လားဟုပင် ရူးကြောင်ကြောင် သံသယ ဝင်မိ၏။ မဖြစ်နိုင်ပါဘူးလေဟု ပြန်ဖြည့်တွေးပြီး ဆရာမ ဒေါ်ဧကရီ‌ဗိုလ် ရပ်ခိုင်းသည့် နေရာမှာသာ ကျွန်တော် ရပ်နေလိုက်သည်။

ရန်ကုန်မြို့ ရာသီဥတုက ပူလောင်သည်။ လေတွေ တိုက်ပေမဲ့ လေပူတွေသာ။ ထိုတစ်ခဏအတွင်း ကျွန်တော်သည် တောင်ပေါ်ဒေသကို အလွမ်းကြီး လွမ်းနေမိ၏။ တောင်ပေါ်ဒေသမှာဆို အေးမြသော လေပြည်နှင့် အနားသတ် အဆုံးသတ်တိုင်းမှာ ပြာဝေနေသော ကရင်နီပြည်နယ် တောင်တန်းကြီး၊ ရှမ်းရိုးမ တောင်တန်းကြီးများသာ ရှိနေလိမ့်မည်။ တည်တံ့စွာ ရှိနေလိမ့်မည်။

လွမ်းမိပါသည် ဌာနေကရင်နီ။

"လွန်ခဲ့တဲ့ ငါးနှစ်က နင် ရေးတဲ့စာကို သားလေးဆီ ငါ မပေးလိုက်သင့်ဘူး"

စကားစလာသော ဆရာမ ဒေါ်ဧကရီဗိုလ်ကို ကျွန်တော် မျက်နှာချင်းဆိုင် ပြန်ကြည့်လိုက်သည်။

စာက ဆရာမ တကယ် ပြန်ပေးခဲ့သည်ကိုး။ ကျွန်တော် ထင်ထားသည်က ဆွဲဖြဲပစ်လောက်မည်ဟု။

"စာကို ဖတ်ပြီးချင်း သားလေးက နင့်ဆီကို ပြန်သွားဖို့ ငါ မသိအောင် ကြိုးစားခဲ့ပြန်တယ်"

ကိန္ဒရာမောင် ကျွန်တော့်ဆီ ပြန်လာဖို့ ကြိုးစားခဲ့သည် တဲ့လား။ မိုက်မဲလိုက်လေခြင်း ကလေးရယ်။ ကျွန်တော်က အလွယ်တကူ လက်လျှော့ချိန်မှာ ကလေးက ဤမျှ မိုက်မဲရသလား။ ဤသို့ ကြိုးစားမည့်အစား မိခင် စီစဉ်ထားသည့် အတိုင်းသာ သွားခဲ့လျှင် ကောင်းသား။

စိတ်ထဲမှာ အတွေးတွေ လူးလား ကူးခတ်နေပေမဲ့ အပြင်မှာ မည်သည့် စကားမျှ မတုံ့ပြန်။ မျက်မှန်ကို ပင့်တင်ရင်းသာ နားထောင် နေမိသည်။

ဆရာမ ဒေါ်ဧကရီဗိုလ်က စကား ဆက်၏။

"သားလေး ဒီလို ကြံစည်ထားတာ အမေဖြစ်တဲ့ ငါက မသိဘဲ နေမလား။ ဒီတော့ သားလေး နင့်ကို မေ့သွားအောင် ကြံစည် ရတာပေါ့"

ကျွန်တော့် ဆည်းလည်းလေး (U/Z) {Completed}Where stories live. Discover now