အပိုင်း (၁၃)

525 52 18
                                    

တိမ်တွေပြိုလျှင် မိုးရွာချသည်။ ကျွန်တော် ငိုလျှင် မျက်ရည် ကျသည်။ မျက်ရည် ကျရသည်။

အဆောင် ပြန်ရောက်သော် နေ့ခင်းက ကျွန်တော့်ကို လျစ်လျူရှု သွားခဲ့သော ကိန္ဒရာမောင်၏ လုပ်ရပ်ကို ပြန်တွေးတိုင်း မျက်ရည်မကျဘဲ မနေနိုင်။

ကျွန်တော် တစ်ယောက်လုံး ရပ်နေသည်ကို ဆရာမနှင့် စကားသွားပြောမည်ဟု အသိမပေးလျှင်တောင်မှ အကြည့်လေး တစ်ချက်တော့ စွန့်ကြဲပေးသင့်သည် မဟုတ်လား။ ကိန္ဒရာမောင် ကျွန်တော့်ကို သစ်စိမ်းချိုး ချိုးရက်လိုက်လေခြင်း။ စိမ်းကားရက်လေခြင်း။

ယောက်ျားသား တစ်ဦးပေမို့ ငိုအားမသန်သင့်မှန်း သိသော်ငြား နှလုံးသားရှိသော လူသားတစ်ဦး အနေဖြင့် ကျွန်တော် ဇေယျာဦး ငိုပါရစေ။

အိမ်ကို ဖုန်းဆက်ချိန် ကရင်နီ ပြည်နယ်၏ တိုက်ပွဲ သတင်းကို ကြားရစဉ် တင်းခံနိုင်သော်လည်း တိတ်ဆိတ်သော ပအိုဝ်းဒေသ၏ ညအချိန်သည် ဝမ်းနည်းရန် ကျွန်တော့်ကို အားဖြည့်ပေးလိုက်သည် ထင်ပါရဲ့။ မငိုဘဲ မနေနိုင်ခဲ့။

ရှိုက်သံမထွက်အောင် အံကြိတ်ကာ မျက်ရည် ကျရ၏။

နေ့ခင်းက လမ်းဘေးမှ တောရိုင်းပန်းတွေ လှခဲ့သလောက် ကျွန်တော့် နှလုံးသား လမ်းကြောင်းတွေ မလှသေး။ လူတစ်ဦးကို ချစ်မိသွားခြင်းက ဤမျှလောက် ခက်သည်လား။

"ဦးကိုကို!"

ရုတ်ခြည်း အခန်းတံခါးကို ဝုန်းဒိုင်းကြဲ ဖွင့်ကာ ဝင်လာသော ကိန္ဒရာမောင်ကြောင့် အထိတ်ထိတ် အလန့်လန့်နှင့် မျက်ရည် သုတ်ကာ ငိုထားမှန်း မရိပ်မိအောင် လေးကိုင်း မျက်မှန်ကို ချက်ချင်း တပ်သည်။ အသက်ကို ပြင်းပြစွာ ရှုသွင်း ရှုထုတ်ပြု နေသော သူ့ကို စူးရဲစွာ စိုက်ကြည့် လိုက်သည်။

အတင့်ရဲလိုက်လေခြင်း!

ကိန္ဒရာမောင်က ကျွန်တော့်ကို တည့်တည့် မကြည့်ဘဲ ကြမ်းပြင်ကို စိုက်ကြည့်ကာ အောက်နှုတ်ခမ်းကို ကိုက်၏။ နီရဲရောင် နှုတ်ခမ်း လုံးလုံးလေး သွေးချေဥ နေရော့မည်။

မနေနိုင်စွာ ကျွန်တော် စိုးရိမ်မိပြန်ပါသည်။

နှုတ်ခမ်းကို သုံးစက္ကန့်အကြာမျှသာ ကိုက်ပြီး ပြန်လွှတ်ကာ ကိန္ဒရာမောင်က ဤသို့ ဆိုလာ၏။

ကျွန်တော့် ဆည်းလည်းလေး (U/Z) {Completed}Donde viven las historias. Descúbrelo ahora