အခန်း ၆၆ Unicode

3.2K 553 15
                                    

အပိုင်း (၆၆) အစုလိုက်အပြုံလိုက်သတ်သွားသော လွှစက်ကိုင်လူသတ်သမား
ကျန်းလော်သည် ထိုအကြံသည် အလွန်သင့်တော်ဖြစ်နိုင်သည်ဟု တွေးမိသည်။ သို့ရာတွင် မေးခွန်းတစ်ခုရှိလာသည်။ ထိုမေးခွန်းမှာ ချီယုံကို မျက်နှာမဲ့မိစ္ဆာနှင့် သတ်ခိုင်းရန် ဘယ်လိုလုပ်ရမလဲ။
ကျန်းလော်အတွက် အဆင်သင့် ထွက်လာသော အကြံမှာ ကျန်းဖုန်းလုပ်ခဲ့သလို ချီယုံကို ကျန်းလော်ကိုယ်စား သေခိုင်းရန်ဖြစ်သည်။ သို့သော် ချီယုံကို ဓားစာခံလုပ်ခိုင်းဖို့ဆိုလျှင် သူ့ကို ဖက်ရမည်၊ နမ်းရမည်၊ ထို့နောက် သူနှင့် ခန္ဓာကိုယ်ချင်း..........ရဦးမည်။
‘ကိုယ်တွင်းရည်လဲ’
‘ချီးးး’
ကျန်းလော်သည် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် သူ့ကိုယ်သူဖျက်ဆီးသည့် အတွေးတွေးမိသွားသလို ခံစားရသည်။
‘ဒါကကိုယ့်ဟာကိုယ်အဆုံးရှုံးခံပြီး တန်ပြန်အနိုင်ယူရမဲ့ နည်းလမ်းကြီးပါလား’
‘ဒါပေမဲ့ အရမ်းကြီးနစ်နာပျက်ဆီးသွားမှာမှ မဟုတ်တာ’
‘ဒါကြီးက ကိုယ့်ကိုကိုယ် ကျည်ဆံကိုက်ပြီး ချီယုံကို အသနားခံနေရသလိုပဲလား’
(သူ့ကိုယ်သူချီယုံ့ဆီပေးရမယ်လို့တွေးနေတာ )
‘ဒါမှမဟုတ် တခြားနည်းလမ်းပဲ ရှာလိုက်ရမလား’
‘မကောင်းဆိုးဝါးနှင့် နမ်းရမယ်ဆိုတာကတင် တော်တော်ကြောက်စရာကောင်းနေပြီ၊ ဟိုအရူးချီယုံနဲ့ဆို ပြောနေစရာတောင်မလိုဘူး’
ကျန်းလော်သည် သူတို့နှစ်ယောက် နှီးနှောနေသည်ကို မြင်ယောင်ကြည့်လိုက်သည်။ သူသည် ကြက်သီးထလာသလို ခံစားလိုက်ပြီး မြန်မြန်ထိုအတွေးထဲမှ ထွက်လိုက်သည်၊ သူသည် စီးကရတ်ကို ကိုက်ထားမိသောကြောင့် ပါးစပ်ထဲမှ အမြန်ထုတ်လိုက်သော်လည်း သွားရာထင်ပြီးပဲ့သွားသည်။
‘အာာားး ဘာလုပ်ရမလဲ’
သူ့အတွေးထဲတွင် ချီယုံ၏ စပ်ဆုပ်ဖွယ်ကောင်းသော မျက်နှာကိုသာ မြင်ယောင်နေသည်။
သူသည် ချက်ချင်းဆုံးဖြတ်ချက်ချလိုက်သည်။
‘မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပေါ့ကွာ’
‘ဒီမကောင်းဆိုးဝါးက ငါ့ကိုဒီလိုရန်လာစကတည်းက ပြန်အလုပ်ခံရမယ်မှန်း ခန့်မှန်းထားမှာပါ’
လက်ထောက်သည် ကားယူလာပြီး သူတို့ကို ဆေးရုံရှေ့တွင် လာကြိုခဲ့သည်။ ဒါရိုက်တာသည် ရှေ့ခန်းတွင် ဝင်ထိုင်လိုက်သည်။ သူသည် ထိတ်လန့်နေပြီးငေးငိုင်နေကာ ကားပေါ်ရောက်သည်အထိ မပြေသေးပုံရသည်။ စကားပြောရန် မနည်းအားယူလိုက်ပြီး
“ဆရာ၊ အဲ့ဒီမျက်နှာမဲ့ မျက်နှာမဲ့မိစ္ဆာဆိုတာ ဘာကြီးလဲ”
“အလင်းရောင်ကြောက်ပြီး အမှောင်ထဲမှာ အမြဲပေါ်လာတတ်တဲ့ သရဲကိုပြောတာ”
“ပြီးတော့ အလင်းရောင်မရှိတဲ့နေရာမှာဆိုရင် သူဘယ်နေရာကပေါ်လာမလဲ မခန့်မှန်းနိုင်သလို မင်းကိုယ်ထဲကနေဖြတ်ပြီး မင်းနှလုံးသားကို အမှောင်ဖုံးသွားအောင် လုပ်နိုင်တယ်”
“ဘာလို့လဲဆိုတော့ သူက အလင်းထဲမှာပေါ်မလာနိုင်လို့ ကြည့်ရတာ ဒီမျက်နှာမဲ့မိစ္ဆာက သူတို့ခေါ်လိုက်တဲ့ဟာနဲ့ ကျန်းဖုန်းတို့လေးယောက်ရဲ့ အရိပ်တွေပေါင်းပြီး ဖြစ်လာတဲ့ မကောင်းဆိုဝါးထင်တယ်နော်”
ထိုအရာသည် အလွန်ဖြစ်နိုင်သည်ဟု ကျန်သုံးယောက်က ထင်သည် သို့သော် ဒါရိုက်တာသည် သနားစရာကောင်းလောက်အောင်ပင် တစ်လုံးမှနားမလည်ပေ။ လက်ထောက်သည် ကားမောင်းရန် ထိုင်လိုက်စဉ် ဂနာမငြိမ်ဖြစ်လာပြီး
“ဆရာ၊ ဒါရိုက်တာ တစ်ခုခု တစ်ခုခု......”
ဒါရိုက်တာသည် လက်ထောက်ကိုငေါက်လိုက်ပြီး
“ဘာကိုတွန့်ဆုတ် တွန့်ဆုတ်လုပ်နေတာလဲ ပြောမှာဖြင့်ပြော”
လက်ထောက်သည်
“ဆရာက hot search ထိပ်ဆုံးမှာရောက်နေတယ်”
ကားထဲရှိလူများသည် အေးခဲသွားကြပြီး ကျန်းလော်သည် မကောင်းသည့် ခံစားချက်များရလိုက်ကာ
“ဘယ်သူက hot search ပေါ်ရောက်နေတာ”
လက်ထောက်သည် မဝံ့မရဲကြည့်လိုက်ပြီး
“ဆရာပါ”
ကျန်းလော် “...........”
သူသည် သေချာရိုက်ကူးထားသော အခန်းများပင်မဟုတ်ပဲ ဖုဝေ၏ တိုက်ရိုက်ထုတ်လွင့်မှုတွင် တစ်မိနစ် နှစ်မိနစ်မျှသာ ပေါ်လာခြင်းဖြစ်သည်။
လက်ထောက်သည် သေချာရှင်းပြနေသည်။
“ကျွန်တော်တို့ ဒီကိစ္စကို ချက်ချင်းဖြေရှင်းလိုက်ပါ့မယ် တကယ်တော့ ကျွန်တော်တို့ဆီ သတင်းမရောက်ခင်ထဲက ကျွန်တော်တို့ လူတွေက သတင်းတွေကို ဖုံးဖို့လုပ်နေပါပြီ ချက်ချင်းတိုက်ရိုက်လွှင့်တာကို ရပ်လိုက်ပြီးတော့ ပြန်တင်တဲ့ ဗီဒီယိုကိုလည်း ဖျက်ချလိုက်ပါပြီ တရားဝင်ပေ့ချ်ကနေလည်း ကောမန့်တွေကို ထိန်းချူပ်နေပြီးပြီ ဆိုတော့ လိုင်းပေါ်မှာ စခရင်ရှော့အနည်းနည်းလောက် ပျံ့သွားရုံလောက်ပဲဆိုတာ သေချာပါတယ်။ တကယ်ကြီး နည်းနည်းဆိုမှ နည်းနည်းလေးပါဗျာ ရေလောင်းချသလောက်တောင် ပျံ့မသွားနိုင်ဘူးဆိုတာ တကယ်သေချာနေတာကို ပထမအဆင့်ကြယ်ပွင့် တစ်ယောက်က ဆရာ့ဘက်ကနေ ရေပိုက်ဖွင့်ချလိုက်တာနဲ့...”
ကျန်းလော်သည် မျက်ခုံးတွန့်လိုက်ပြီး ဖုန်းဖွင့်ကြည့်လိုက်သည်။ hot search listတွင် ပထမဆုံးပေါ်လာသည်မှာ
“#မောင်လေးဘက်ကရပ်တည်မဲ့ပိုင်ချူကျဲကျဲ “
ထိုခေါင်းစဉ်ကို မြင်သည်နှင့် ကျန်းလော်သည် သက်ပြင်းမောကြီးချလိုက်သည်။ သူသည် ထိုခေါင်းစဉ်ကို နှိပ်ကြည့်လိုက်ရာ ပိုင်ချူ၏ ပို့စ်ကိုမြင်လိုက်ရသည်။
[@ပိုင်ချူ:မင်းတို့အစီအစဉ်က ငါ့မောင်လေးကို ဒီလိုအနိုင်ကျင့်နေတာပေါ့လေ၊ သူက "Next Stop, Idol"မှာ ဝင်ပြိုင်ခဲ့ပေမဲ့ အစီအစဉ်က သူ့ကို မဲပေးဖို့ ချန်နယ်တောင်မဖွင့်ပေးတဲ့အပြင် သူ့ကိုစခရင်ပေါ်မှာ တစ်စက္ကန့်လောက်တောင် နေရာပေးမထားဘူး ပြီးတော့ လူတိုင်းက သူ့နာမည်ကို သိတောင်မသိဘူး၊ ဒီတိုက်ရိုက်လွှင့်တဲ့ အစီအစဉ်ကြောင့်သာမဟုတ်ရင် သူကဒီလိုပဲ ပျောက်ကွယ်နေပေးရတော့မှာလား၊ ဒါကမင်းတို့ပြောပြောနေတဲ့ တရားမျှတတယ်ဆိုတာလား၊ @NextStopIdol, မင်းတို့ထွက်လာပြီး ဒီအဘွားကြီးကို ကောင်းကောင်းရှင်းပြကြစမ်းပါ]
သူမသည် စခရင်ရှော့ နှစ်ပုံနှင့်တွဲတင်ထားသည်။ ပိုင်ချူသည် ဘယ်တုန်းကမှ တစ်ဦးတစ်ယောက်ကို ဤမျှအထိ မဆန့်ကျင်ခဲ့ဖူးပေ။ သို့သော် သူမသည်လည်း စွာတတ်သည်ဆိုတာကို ယခုပို့စ်နှင့် သက်သေပြသွားသည်။ လွန်ခဲ့သောရက်အနည်းငယ်က ပိုင်ချူသည် သူမမန်နေဂျာအမှုကြောင့် hot searchထဲ အချိန်အတော်ကြာ နေရာယူလိုက်သေးသည်။ ပြည်သူများသည် သူမကို စိတ်မာပြီး သန်မာသော အမျိုးသမီးတစ်ယောက်ဟူ၍ ချီးကျူးကြကာ ထိုဖြစ်ရပ်သည် ပိုင်ချူကို ဖန်အများကြီး ထပ်မံရစေလိုက်သည်။ ထိုပြဿနာဖြေရှင်းပြီးနောက် သူမသည် ရုပ်ရှင်ရိုက်ရန်ပြင်ဆင်နေကာ အနားယူနေပြီး ယခုမှသာ လူမှုကွန်ယက်ပေါ်သို့ ပြန်ပေါ်လာခြင်းဖြစ်သည်။ ပိုင်ချူသည် အလွန်ဒေါသထွက် စိတ်တိုနေသည်။
ကျန်းလော်သည် သူမ၏အသက်ကိုကယ်ခဲ့သည်ဟုပြောလျှင်ပင် ချဲ့ကားရာမရောက်ဟု သူမထင်သည်။ သူမသည် ကျန်းလော်ကို ဖျော်ဖြေရေးနယ်ပယ်သို့ဝင်ရန် ခနခနအကြံပေးခဲ့သည်။ ကျန်းလော်သည် အလွန်ချောမောပြီး မီးရောင်အောက်တွင် ရပ်ကိုရပ်သင့်သည်ဟုခံစားရသောကြောင့်တစ်ဝက်ဖြစ်ပြီး ကျန်တစ်ဝက်မှာ သူမကျေးဇူးဆပ်ချင်သောကြောင့်ဖြစ်သည်။
သို့သော် ကျန်းလော်သည် ဖျော်ဖြေရေးနယ်ပယ်ထဲသို့ မဝင်ချင်ပေ။ ထို့ကြောင့်သူမလက်လျော့လိုက်သည်။ သို့သေည် ပိုင်ချူသည် မလိမ်ခဲ့ပေ သူမပြောခဲ့သော “ကျွန်မအကူအညီလိုခဲ့ရင် အတတ်နိုင်ဆုံး အဆုံးထိကူညီပေးမယ်” ဆိုသည့်အတိုင်း သေချာပေါက်လုပ်ပေလိမ့်မည်။ သူမသည် ကျန်းလော်ကို ထိုအစီအစဉ်တွင် မြင်လိုက်ချိန်တွင် အလွန်အံ့ဩသွားပြီး ဝမ်းသာသွားသည်။ သို့သော် ထိုရှိုးတွင် ကျန်းလော်၏အခြေအနေကို မြင်သောအခါ သူမသည် သူမအိမ်မီးလောင်သွားသကဲ့သို့ ဒေါသထွက်ပြီး ဆွေ့ဆွေ့ခုန်နေတော့သည်။
ထို့ကြောင့် သူမသည် သူမအဆက်အသွယ်များကို အကုန်သုံးတော့သည်။ ပထမအဆင့်ကြယ်ပွင့် တစ်ယောက်ဖြစ်သော ပိုင်ချူ၏အဆက်အသွယ်များသည် လျော့တွက်၍ မရပေ၊ သူမစတူဒီယိုနှင့် စာချုပ်ချုပ်ထားသော အနုပညာရှင်များသည် ချက်ချင်းပင် သူမပို့စ်ကို ပြန်မျှဝေပြီး စိတ်တိုစွာဖြင့် "Next Stop, Idol"ကို မန်းရှင်းခေါ်၍ မေးခွန်းထုတ်ထားကြသည်။ "Next Stop, Idol"မှ လက်ထောက်တစ်ယောက်သည် အမည်မဖော်ပဲ သူတို့သည် တကယ်ပဲ ထိုသင်တန်းသားလေးအခန်းများကို အကုန်ဖြတ်ထုတ်ရန် ဒါရိုက်တာြကီးနှင့် ပီဒီက သေချာခိုင်းခဲ့ကြောင်း ပို့စ်တင်လာသည်။
သူ့ကို ခေါ်ပြီး ရှင်းပြချက်တောင်းနေသော မှတ်ချက်များကို ကြည့်ပြီး ဒါရိုက်တာသည် သွေးတက်မတက်ဖြစ်နေတော့သည်။
လက်ထောက်သည် အချိန်မရွေးငိုချလိုက်တော့မလို ဖြစ်နေပြီး
“ဆရာ ဒီတစ်ကြိမ် ကျွန်တော်တို့ စီစဉ်ထားတာ ဒီလိုမဟုတ်ပါဘူး တကယ်ကို မမျှော်လင့်ဘဲ ဒီအခြေအနေထိရောက်သွားတယ်”
ကျန်းလော်သည်
“မင်းတို့ကို အပြစ်မတင်ပါဘူး”
ကျန်းလော်သည် ပါးစပ်များပင်ခါးလာသလို ခံစားနေရသည်။ သူသည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသော စခရင်ရှော့များကို ကြည့်လိုက်ပြီး သူသည် အချိန်ခနလေးသာ ပါလာကာ သူ့မျက်နှာသည် အနည်းငယ်ဝါးနေသောကြောင့် တော်သေးသည်ဟု တွေးလိုက်သည်။ ထိုပုံများသည် အွန်လိုင်းပေါ်မှ မကြာခင် ပျောက်သွားလိမ့်မည်။ သို့သော် ကျန်းလော်သည် သူ့ကိုသူလျော့တွက်မိသွားသည်။
ပုံထဲတွင် ဆံပင်အနက်နှင့်လူငယ်လေးကို ဝါးထားသော်လည်း ထိုသို့လုပ်လိုက်သည်ကပင် သူ့ကိုတောက်ပသွားစေသလို ဖြစ်နေသည်။ နှုတ်ခမ်းပင့်၍ လက်ဝှေ့ယမ်းနေပုံသည် အနှေးပြကွက်ကဲ့သို့ လှပပြီး တဖျတ်ဖျတ်တောက်ပနေသည်။ လက်ဝှေ့ယမ်းနေပုံလေးသည် လူများကို အကြည့်မလွှဲနိုင်အောင် လှပနေသည်။ ကျန်းလော်သည် မှတ်ချက်များကို လိုက်ဖက်ကြည့်ရာ သူသည် လူများအမြင်တွင် သနားစဖွယ် ရိုက်ကူးရေးအစီအစဉ်နှင့် သင်တန်းသားများက ဝိုင်းအနိုင်ကျင့်ခံနေရသော ကလေးသေးသေးလေးဖြစ်နေပြီး ပြည်သူများသည် ထိုကလေးလေးသည် သေချာပေါက်အနိုင်ကျင့်ခံနေရပြီး သူ့ကို အစီအစဉ်က အစားအစာတောင် ဝအောင်မကျွေးဘဲထားသည်ဟု ချဲ့ကားပြောဆိုထားကြသည်။
သူ့မျက်နှာကို ကိုးကွယ်ချင်ပါသည်ဆိုသည့် လူတစ်စုက ရှိသေးသည်။ သူတို့သည် အစီအစဉ်တရားဝင် ပေ့ချ်အောက်တွင် သူ့အချက်အလက်များကို ချက်ချင်းထုတ်ပေးရန် ခြိမ်းခြောက်တောင်းဆိုနေကြသည်။
ကျန်းလော် “.........”
ကျန်းလော်သည် ငိုင်သွားပြီး
“ကျွန်တော် ပိုင်ချူကို ရှင်းပြလိုက်မယ်”
သူသည် နဖူးကို လက်နှင့်ခပ်ကြမ်းကြမ်းပွတ်၍ ပိုင်ချူကို ဖုန်းခေါ်လိုက်ပြီး ပြောရမည့်စကားများစီနေသည်။
မကြာခင် တစ်ဖက်မှ ဖုန်းကိုင်လာသည်။ ပိုင်ချူသည် အလွန်ဒေါသထွက်နေပုံဖြင့်
“ဆရာလေး ဘာမှစိတ်မပူနဲ့ ကျွန်မဆရာလေးအတွက် တရားမျှတမှုရှာပေးမယ်”
ပိုင်ချူသည် သွေးများပွက်ပွက်ဆူနေသကဲ့သို့ ပြောရင်းပြောရင်းအားပါလာကာ
“ကျွန်မက ဒီရှိုးကို ညွှန်ပေးမိပေမဲ့ ဒီရှိုးက တကယ့်အမှိုက်ဖြစ်နေမယ်လို့ မထင်ခဲ့ဘူး”
ထို့နောက်သူမသည်
“ဆရာလေး လုံးဝစိတ်မပူနှင့် ဒီရှိုူးကအနိုင်ကျင့်လို့ မလုပ်ချင်လဲရတယ် ကျွန်မကိုယ်တိုင် အခုချက်ချင်းဆရာ ပွဲဦးထွက်ဖို့ စီစဉ်ပေးမယ်”
“ခနလေး ခနလေး”
“ကျွန်တော် နာမည်ကြီး မဖြစ်ချင်ဘူး”
ပိုင်ချူသည် ရှုပ်ထွေးသွားပြီး
“ဘာရယ်”
ကျန်းလော်သည် သက်ပြင်းချလိုက်ပြီး ရှင်းပြလိုက်သည်။
“ကျွန်တော် ဒီအစီအစဉ်မှာဖြစ်နေတဲ့ ကိစ္စတစ်ခုရှင်းပေးဖို့ ရောက်နေတာ”
ပိုင်ချူသည် သူပြောသည်ကို ကြားပြီးနောက် သူမတော့ အမှားအကြီးကြီးလုပ်မိသွားပြီဖြစ်ကြောင်း သိလိုက်သည်။
ပိုင်ချူသည် အေးခဲသွားပြီး မခံမရပ်နိုင်ဖြစ်သွားကာ အသံသေးသေးလေးဖြင့်
“ဒါဆို ကျွန်မအထင်လွဲမိသွားတာပေါ့”
ဒါရိုက်တာသည် စိတ်တိုလွန်းလို့ သည်းမခံနိုင်တော့ဘဲ
“ပိုင်ချူ ဆရာက ကိစ္စဖြေရှင်းပြီးတာနဲ့ ဒီကထွက်သွားမှာ ငါကဘာလို့ သူများကို ဒီလိုလုပ်ရမှာတုန်း အခုတော့ ညည်းလုပ်တာ ဒီအခြေအနေကို ဘယ်လိုများရှင်းရပါ့မလဲ”
ပိုင်ချူသည် မျက်တောင်ခတ်လိုက်ပြီး သူမဖုန်းကိုကြည့်လိုက်သည်။ နာမည်ကျော် အနုပညာရှင် အယောက် နှစ်ဆယ်ကျော် သုံးဆယ်နီးပါး သူမပို့စ်ကို ပြန်မျှဝေထားပြီး ကောင်လေးကို တရားမျှတမှုပေးရန် အပီအပြင် ကြေ့းကြော်နေကြသည်။
“သွားပြီ”
သူမသည် တိုးတိုးတိုးတိုး ဘာတွေပြောမှန်းမသိပြောနေတော့သည်။ ဒါရိုက်တာသည် တစ်နေ့လုံးသူမနှင့် ဤပြဿနာရှင်းရန်နည်းလမ်းကို ဆွေးနွေးနေကြသည်။ ထို့နောက် ဒါရိုက်တာသည် ကျန်းဖုန်း၏ ဆေးရုံက ပုံကို ဓာတ်ပုံရိုက်ကြာ လူထုကို ကျန်းလော်နေမကောင်းသောကြောင့် ပြိုင်ပွဲတွင် မပါဝင်နိုင်တော့ဟု ချပြရန်ဆုံးဖြတ်လိုက်သည်။ ဤအကြောင်းပြချက်ကြောင့် ဒါရိုက်တာအဖွဲ့သည် သူ့အပိုင်းများကို ဖြတ်ချထားလိုက်ရခြင်းဖြစ်ကြောင်းလည်း စာထုတ်ရန်ပြင်ဆင်လိုက်သည်။
သို့သော် ဒီအချိန်တွင် ဤအကြောင်းပြချက်ကို သုံးလို့မရတော့ပေ။ လူထု၏စောင့်ကြည့်နေမှုအရ ရိုက်ကူးရေးအဖွဲ့သည် ကျန်းလော်အတွက် မဲပေးရန်ချန်နယ်တစ်ခု အရင်ဖွင့်ပေးရမည်ဖြစ်ပြီး အခြေအနေနည်းနည်းအေးသွားမှ ကျန်းလော်သည် ကျန်းမာရေးအခြေအနေကြောင့် ပြိုင်ပွဲမှ အနားယူကြောင်း စာထုတ်မည်ဖြစ်သည်။ ထိုအကြောင်းပြချက်သည် အနည်းငယ်စိတ်ပျက်ဖွယ် ဖြစ်သော်လည်း သူတို့တွေးမိသမျှထဲတွင် အကောင်းဆုံးသောအကြံဖြစ်သည်။
ဒါရိုက်တာနှင့် ပိုင်ချူသည် သေချာအစီအစဉ်ဆွဲလိုက်ကြပြီး ကျန်းလော်ကို ပြလိုက်သည်။ ကျန်းလော်သည် ခေါင်းကို ပျင်းရိစွာညိတ်ပြီး ဘာဖြစ်ဖြစ် သူဝင်မပါရန် ဆုံးဖြတ်ထားသည်။ သို့သော် သူ့နှလုံးသားလေးသည် လုယုံရိလာပြသော် ဝေ့ပေါ်မှပို့စ်တစ်ခုကြောင့် အောက်ပြန်ကျသွားပြန်သည်။
လုယုံရိသည်
“ကျန်းလော် ချင်ဖန်က ပိုင်ချူရဲ့ ပို့စ်ကိုပြန်တင်ထားတယ်”
ကျန်းလော်သည် ခေါင်းကိုက်လာပြီး ဖုန်းကိုဆွဲယူပြီးကြည့်လိုက်သည်။ ချင်ဖန်သည် တကယ်ပင် ပို့စ်တစ်ခုတင်ထားသည်။
သူသည် ပိုင်ချူထက် ဖော်လိုဝါပိုများသောကြောင့် ပို့စ်ကိုပြန်တင်သောနှုန်းနှင့် ဆက်တိုက်တက်လာသော မှတ်ချက်များသည် ကြောက်မက်ဖွယ်များပြားလာသည်။
[@ ချင်ဖန်: သူ့နာမည်က ကျန်းဟွမ်ပါ သူကတကယ်တော်တဲ့ သင်တန်းသားတစ်ယောက်ပါ ငါပြောနိုင်တာကတော့ ငါသူ့ကို အရမ်းသဘောကျတယ်၊ ရိုက်ကူးရေးအဖွဲ့အနေနဲ့ သင်တန်းသားတွေကို မျှမျှတတဆက်ဆံပြီး ပုလဲလုံးကို သဲထဲမနှစ်ပစ်ဖို့မျှော်လင့်ပါတယ် ]
ချင်ဖန်သည် Next Stop Idolမှ နာမည်ကြီး နည်းပြတစ်ယောက်ဖြစ်သည်။ သူသည် ရိုးရှင်းစွာပင် ရိုက်ကူးရေးအဖွဲ့ကို မေးခွန်းထုတ်ခဲ့သည်။ ကျန်းဟွမ်ဆိုသော သင်တန်းသားအတွက် တရားမျှတမှုရှာပေးခြင်းဖြစ်သော်လည်း မီဒီယာသည် တစ်ခုခုထူးခြားနေသော အနံ့တစ်ခုရလိုက်သည်။ အထူးသဖြင့် ချင်ဖန်၏စကားထဲတွင် မရိုးရှင်းသော
“ငါသူ့ကိုအရမ်းသဘောကျတယ်”ဆိုသည့် စကားသည် သူ့ပိရိသတ်များကို ဆူညံသွားစေသည်။ တခြားသူများ၏ မျက်လုံးထဲတွင် ချင်ဖန်သည် သင်တန်းသားတစ်ယောက်အပေါ် အချစ်ကိုဝန်ခံလိုက်သည် ရိုးရှင်းသော လူတစ်ယောက်အဖြစ်မြင်ကြသည်။ ကျန်းလော်မျက်လုံးထဲတွင်တော့ မြူလေးဆိုင်းနေသည်ကို နှင်းခဲအကြီးကြီးတွန်းချလိုက်သလို ပြဿနာကြီးအောင် လုပ်လိုက်သည်ဟုသာ မြင်သည်။ ရယ်ရွှင်သည် သက်ပြင်းချလိုက်ပြီး
“သူပို့စ်တင်လိုက်တာကလည်း အချိန်ကိုက်ကိုဖြစ်လို့ပဲ ချင်ဖန်က ငါတို့သင်တန်းသားမဟုတ်မှန်း မသိဘူးလား အရင်လွှင့်ခဲ့တဲ့ အပိုင်းတွေမှာငါတို့မပါတာကို အစီအစဉ်က သေချာဖျက်ချထားတယ်ထင်နေလားမသိဘူး”
ချင်ဖန်၏လှုပ်ရှားမှုသည် မီးထဲသို့ ဆီလောင်းထည့်လိုက်သလိုပင် ကျန်းလော်ကို ခက်ခဲသော အခြေအနေသို့ တွန်းပို့နေသည်။ ကျန်းလော်သည် ရယ်ရွှင်ပြောသည်ကို နားထောင်လိုက်ပြီး အေးစက်စွာရယ်လိုက်ကာ ချင်ဖန်ပုံများကိုရှာကြည့်လိုက်သည်။ ရင်းနှီးနေသော လှုပ်ရှားပုံသည် ကျန််းလော်ကို မကောင်းဆိုးဝါးတစ်ကောင်ကို သတိရသွားစေသည်။ သို့သော် ချင်ဖန်သည် သူတိုက်သောရေကို ကုန်အောင်သောက်ခဲ့သည်။ ထို့ကြောင့်သူသည် ချီယုံမဖြစ်နိုင်ဟု ထင်ခဲ့ပြီး လျစ်လျူရှုလိုက်သည်။ သူသည် အစတုန်းက ချီယုံသာဆိုလျှင် ထိုရေကိုသောက်ပြီး သူ့ကို အနိုင်ရရန် နာကျင်မှုကို တောင့်ခံလိမ့်မည်ဟုတွေးဖူးသည်။
သို့သော် ထိုရူးနေသောသူသာ ထိုသို့လုပ်ရဲလိမ့်မည်ဖြစ်သည်။ ထိုသို့ နာကျင်ပြီးနောက် ချီယုံသည် သူ့ကို ဒီလိုနည်းနှင့် အားနည်းအောင်လုပ်ပါသည်ဆိုပြီး အော်ရယ်မှာသေချာသည်။ ကျန်းလော်သည် ပုံထဲရှိ ချင်ဖန်၏အပြုံးကို အနီးကပ်ဆွဲကြည့်လိုက်သည်။ ထို့နောက် ချီယုံ၏အပြုံးနှင့် ချင်ဖန်၏ပြုံးနေသော နှုတ်ခမ်းကို နှိုင်းယှဉ်ကြည့်နေသည်။ လုယုံရိသည် ဘာကိုမှသံသယမဝင်စွာဖြင့်
“အဆင်ပြေပါတယ် မဟုတ်လဲ ငါတို့က မျက်နှာမဲ့မိစ္ဆာကိုရှင်းပြီးရင် ထွက်သွားတော့မှာပဲလေ ဒါရိုက်တာကြီး အစီအစဉ်အတိုင်းပဲ ဆက်လုပ်ကြတာပေါ့ နောက်လနည်းနည်းကြာရင် ဘယ်သူမှ မှတ်မိတော့မှာမဟုတ်ဘူး”
ကျန်းလော်သည် စိတ်ရှင်းသွားကာ
“မင်းမှန်တယ်”
သူသည် ချင်ဖန်၏နှုတ်ခမ်းနှင့် ချီယုံသူ့ကိုပို့ခဲ့သော ပုံနှင့် နှိုင်းယှဉ်ကြည့်နေသည်။ သူတို့သည် တစ်ဝက်နည်းပါးတူနေသော်လည်း သူသည် ဖုဝေ၏ပုံများကို ထပ်ရှာကာ နှုတ်ခမ်းကို အနီးကပ်ဆွဲကြည့်လိုက်ပြန်သည်။ သို့သော် ဓာတ်ပုံများသည် သေချာပြင်ထားသောကြောင့် နှုတ်ခမ်းများသည် အတော်တူနေကြသည်။ ကျန်းလော်သည် ထိုနှစ်ပုံကို ထပ်ခါထပ်ခါကြည့်နေသည်။
သူ့မျက်လုံးများသည် အေးစက်နေပြီး သူသည် တစ်စုံတစ်ခုကို အမဲလိုက်တော့မလို ပျင်းရိစွာ ခေါင်းမော့လိုက်သည်။
သေးငယ်သော ချောင်ကျသော နေရာမှ အင်တာနက်ဆိုင်လေးတွင် ပိုင်ရှင်သည် အမြုပ်ထနေသော ခေါက်ဆွဲတစ်ပန်းကန်ချက်နေသည်။ ထိုအချိန်တွင် ကောင်တာပေါ်သို့ အရိပ်သုံးရိပ်ပေါ်လာသည်။ သူမော့ကြည့်လိုက်သောအခါ ပိန်လှီဖျော့တော့နေသောလူသည် ပြုံးနေပြီး
“သူဌေး ကျွန်တော်တို့ကို စက်သုံးလုံးပေးပါ”
ထိုပိန်လှီဖျော့တော့နေသောလူနောက်တွင် ထူးဆန်းသောလူနှစ်ယောက်ရပ်နေသည်။ ထိုနှစ်ယောက်သည် ချည်ထည်အထူသားကို ဝတ်ဆင်ထားကြပြီး တစ်ယောက်သည် ခေါင်းတုံးတုံးထားကာ နောက်တစ်ယောက်သည် ခါးထိရှည်သော ဆံပင်နှင့် မျက်နှာတွင် ခေတ်ဟောင်းမြေခွေးမျက်နှာဖုံးဝတ်ထားသည်။ ဆိုင်ရှင်သည် သူတို့ကို ငေးကြည့်နေသည်။
ပိန်လှီဖျော့တော့နေသောလူသည် ကောင်တာစားပွဲကို ခေါက်လိုက်ပြီး
“ဆိုင်ရှင်”
“အိုး” ဆိုင်ရှင်သည် စက်သုံးစက်ဖွင့်ပေးလိုက်ပြီး
“အနည်းဆုံး တစ်နာရီကစယူရမယ်၊ တစ်နာရီ သုံးကျပ်၊ တစ်ညလုံးဆို နှစ်ဆယ်ကျပါမယ်၊ ဘယ်လောက်ကြာကြာနေမှာလဲ”
ပိန်လှီဖျော့တော့နေသောလူသည် မေးစေ့ကိုပွတ်လိုက်ပြီး
“တစ်ညလုံးနေဖြစ်လောက်မယ်”
ဆံပင်ရှည်နှင့် မျက်နှာဖုံးတပ်ထားသောသူသည်
“တစ်ညလုံးလား”
သူ့အသံသည် စူးစူးရှရှဖြစ်နေကာ တိရစ္ဆာန်တစ်ကောင်အော်နေသောအသံနှင့်တူသည်။ ဆိုင်ရှင်သည် သူတို့ကိုကြည့်လိုက်သည်။ ပိန်လှီဖျော့တော့နေသောလူသည် အပြုံးပျက်မသွားဘဲ သူ့အဖော်၏စကားကို နည်းနည်းမှဂရုမစိုက်မကြားလိုက်သလိုပင်
“ဆိုင်ရှင် ရပြီလား”
ဆိုင်ရှင်သည် ကတ်သုံးကတ်လှမ်းပေးလိုက်ပြီး
“ရပြီ ရပြီ စက်နံပါတ် ၁၃ကနေ ၁၅ထိ”
ထိုသုံးယောက်သည် သူတို့စက်ကိုရှာလိုက်ပြီး ထိုင်လုက်သည်။ ပိန်လှီဖျော့တော့နေသောလူသည်လျောင်ဇီဖြစ်ပြီး သူသည် ဟွာပိကို ကွန်ပျူတာဖွင့်ပေးလိုက်သည်။ ဟွာပိသည် သူ့လက်မောင်းကို ဆွဲ၍ မှည်းမှောင်နေသော မျက်နှာနှင့်
“လျောင်ဇီ ငါတို့က ဘာလို့ ကျန်းလော်ကိုမဲပေးဖို့ အင်တာနက်ဆိုင်ကို လာနေရတာလဲ”
လျောင်ဇီသည်လက်ချောင်းများကို ဆော့နေပြီး
“ဟွာပိရား ငါတို့က ကျန်းလော်ကို မဲပေးဖို့ပဲမဟုတ်ဘူး သူ့အခန်းတွေအကုန် ဖျက်ချလိုက်တဲ့ အစီအစဉ်ကို ရေပုံးလိုက်လောင်းချပြီး နောက်ထပ်ဒီလိုအမှားထပ်မလုပ်ဖို့ ရေတပ်တာဝန်ထမ်းဆောင်ကြမှာကွ”
ဟွာပိသည် ရက်စက်စွာဖြင့်
“အဲ့တာကြောင့် ငါတို့က ဘာလို့လုပ်ပေးရမှာလဲလို့ မေးနေတာလေ”
ဘေးရှိ ကောဝူချန်သည် ကျွမ်းကျင်စွာ ကွန်ပျူတာဖွင့်လိုက်ပြီး သူ့မျက်နှာချောချောတွင် အပြုံးတစ်ခုပေါ်လာကာ
“ဟွာပိ မင်းကဒီလောက်တောင် တုံးနေတာ ဘာလို့များသခင်က မင်းကို လက်ခံလိုက်တယ်မသိဘူး”
“မင်း”
“ဟေး ရန်မဖြစ်ကြနဲ့လေ”
လျောင်ဇီသည် သူတို့ကို
“မြန်မြန် အကောင့်တစ်ချို့ဖွင့်ပြီး ကျန်းလော်ကိုမဲပေးရမယ်”
ကောဝူချန်သည် မဲပေးရမည့် ပေ့ချ်ကိုဖွင့်လိုက်ပြီး “ငါကမင်းအဖေ” ဆိုသော နာမည်နှင့် အကောင့်တစ်ခုဖွင့်လိုက်ပြီး
“သခင့်အချစ်လေးက အစီအစဉ်မှာရိုက်ကူးရေးလုပ်နေတာဆိုတော့ ငါတို့က စိတ်ရင်းကို သေချာပြပြီး တစ်ညလုံး မဲထိုင်ပေးရမယ်”
ဟွာပိသည် အံကြိတ်လိုက်ပြီး
“သခင့်အချစ်လေးတဲ့လား”
လျောင်ဇီသည် သက်ပြင်းချလိုက်ပြီး ဟွာပိကိုသနားသလိုကြည့်လိုက်သည်။
“ဟွာပိ မင်းတကယ်ပဲ သခင်က ကျန်းလော်ကို ဘယ်လိုသဘောထားလဲ မမြင်နိုင်တာလား”
ကျောက်တုံးကဲ့သို့ မာကြောသော ဟွာပိသည် တိုးတိုးတိုးတိုးပြောလိုက်သည်။
“ဒါပေမဲ့ သခင်က သူ့ကိုခနခနသတ်တော့မလို့လေ”
“သတ်တော့မလိုလုပ်တယ်ဆိုတာတော့ မင်းသိသေးတယ်ပေါ့”
လျောင်ဇီသည် ဟွာပိကို နားချနေသည်။
“ငါတို့ ကျန်းလော်ကို ဘာမှလုပ်ဖို့မတွေးတာကောင်းမယ် သခင်ကသူ့ကိုသတ်လိုက်မယ်ဆိုရင်တော့...............”
သူသည် ပြုံးလိုက်ပြီး မာကျောစွာဖြင့်
“ထားလိုက်တော့ အခုချိန်က ငါတို့ဘယ်လောက်စည်းလုံးကြောင်း ဒီကောင့်ကိုပြရမဲ့ အချိန်ပဲ”
သူတို့သည် စည်းလုံးပြီး ကျန်းလော်ကို ရင်းနှီးစွာဆက်ဆံမည့်အကြောင်းပြောနေကြသော်လည်း တစ်နေ့တွင် သူတို့သခင်မှ ကျန်းလော်ကို သတ်ခိုင်းလျှင် လက်တွန့်မည့်သူ့များမဟုတ်ပေ။ နောက်ဆုံးမှာတော့ သူတို့သည် အနက်ရှိုင်းဆုံးအထိ ပုတ်သိုးနေကြသူများသာ ဖြစ်ကြသည်။
စတူဒီယို အဆောက်အဦးသို့ ပြန်ရောက်သွားပြီးနောက် ဒါရိုက်တာသည် ကျန်းလော်ကို ဘာမှမတွေးဘဲ နားလိုက်ရန်ပြောနေသည်။ သူသည် သူ့ကိုသူ ပြုံးရန်ဖိအားပေးလိုက်ပြီး
“မစိုးရိမပါနဲ့ ဆရာ ကျုပ်နဲ့ မစ်ပိုင်နှင့် ဒီကိစ္စကို ကိုင်တွယ်လိုက်ပါ့မယ်”
ကျန်းလော်သည် ပြုံးလိုက်ပြီး
“ကြိုးစားပေးပါဦး”
ထို့နောက်သူသည် အဆောင်နှစ်ရွက်ထုတ်၍ ဒါရိုက်တာနှင့် လက်ထောက်ကို တစ်ရွက်စီပေးလိုက်ကာ
“ဒါတွေက ကျွန်တော်ရေးထားတဲ့ ငြိမ်းချမ်းခြင်းဖူလုတွေ၊ သူတို့က အရမ်းတော့ မကောင်းပေမဲ့ ဘာမှမဆောင်ထားတာထက်စာရင် ပိုကောင်းတာမို့လို့ ယူကြပါ”
ရယ်ရွှင်က
“မင်းရေးထားတဲ့ဖူလုလောက်ဘယ်ဟာမှ ပိုမကောင်းနိုင်ဘူး”
ဒါရိုက်တာသည် ရုပ်လွန်ပညာအဖွဲ့အစည်းအကြောင်း ကြားဖူးသွားကတည်းက သူသည် ဖူလုတစ်ရွက်ရရန် မည်မျှခက်ခဲမှန်းသိနေပြီး ရယ်ရွှင်ပြောသံကြားသောအခါ ကျန်းလော်၏ဖူလုများသည် တစ်သန်းတွင်တစ်ရွက် ဖြစ်ကြောင်းနားလည်သည်။ ထို့ကြောင့်သူသည် ဟန်ဆောင်ပန်ဆောင်ပင် မငြင်းတော့ပဲ အမြန်ယူလိုက်သည်။ လက်ထောက်သည်လည်း ယူလိုက်ကာ
“ကျေးဇူးတင်ပါတယ် ဆရာ”
သူတို့သည် ဒါရိုက်တာကိုနှုတ်ဆက်ပြီး အဆောင်အတွင်းသို့ ဝင်သွားကြသည်။
“သူဘာဖြစ်နေတာလဲ”
စီးဝမ်ကွေးသည် လုယုံရိကို မေးလိုက်သည်။ လုယုံရိသည်
“လူတစ်ချို့က နာမည်ကြီးမှာကို ကြောက်ကြတယ် ပြီးတော့ ကျန်းလော်က အရမ်းချောနေတော့ အနှောက်ယှက်ခံရနိုင်တယ်လေ”
စီးဝမ်ကွေးသည် လူတို့၏အတွေးကို နားမလည်စွာ မျက်မှောင်ကြုတ်လိုက်ပြီး
“ကြည့်ကောင်းတာ မကောင်းဘူးလား”
ရယ်ရွှင်သည် သူ့ကိုကြည့်လိုက်ပြီး
“ကောင်းတော့ကောင်းတာပေါ့၊ ဒီခေတ်ကြီးမှာ လူတွေကကြည့်ကောင်းတဲ့သူတွေကိုပဲ သဘောကျကြတာ”
စီးဝမ်ကွေးသည် ပိုပြီး နားမလည်နိုင်ဖြစ်လာပြီး
“အဲ့တာဆို သူက ဘာလို့ စိတ်ဆိုးနေတာလဲ”
ရယ်ရွှင်သည် ခေါင်းခါလိုက်ပြီး
“မင်းနားမလည်ပါဘူး”
စီးဝမ်ကွေးသည်
“လူသားတွေက တော်တော်ထူးဆန်းတာပဲ”
သူတို့အဆောင်သည် သုံးလွှာတွင်ရှိသည်။ ကျန်းလော်သည် ပထမထက်မှ နံရံထောင့်နားတွင် ရုတ်တရက် ရပ်လိုက်သည်။ သူသည် သူ့ဘယ်ဘက်ရှိ အဖြူရောင်နံရံကို စိုက်ကြည့်နေပြီး ထိုနံရံပေါ်တွင် လူပုံစံ အဝါရောင် အမှတ်အသားကြီး ရှိနေသည်။ ကျန်းလော်သည် မျက်မှောင်ကြုတ်လိုက်ပြီး နောက်ကသုံးယောက်ကို လှည့်ကြည့်လိုက်ကာ
“အရင်တုန်းက ဒီနံရံပေါ်မှာ ဒါကြီး မရှိဘူးလားလို့”
ရယ်ရွှင်သည် ရှေ့တိုးကြည့်လိုက်ပြီး
“မရှိဘူး”
“မနေ့ကမိုးရွာတုန်းက ဒီလိုလူပုံကို မြေညီထပ်ကနံရံပေါ်မှာ မြင်ခဲ့သေးတယ်”
ကျန်းလော်သည် ဆက်ပြောလိုက်သည်။
“ငါထင်တာ တစ်ယောက်ယောက်ကများ နံရံကို ကပ်မိသွားသေးလားပေါ့”
“ကြည့်ရတာ နံရံပေါ် လဲကျသွားတဲ့ပုံမျိုးပဲနော်၊ ဒါပေမဲ့ အပြင်ကကြည့်ရင်တစ်မျိုးဆိုပေမဲ့ ထောင့်အတွင်းဘက်မှာ လာထင်နေတာကတော့ တစ်မျိုးပဲ”
ရယ်ရွှင်သည် ရှေ့တိုးလာပြီး နံရံကိုထိကြည့်လိုက်ကာ
“နည်းနည်းစိုနေသေးတယ်”
ကျန်းလော်သည် ခေါင်းညိတ်လိုက်ပြီး သုံးလွှာသို့ ဖြေးဖြေးချင်းတက်သွားလိုက်သည်။ ထို့နောက် အကြောင်းအရာပြောင်း၍
“မင်းတို့ရော မင်းတို့ကိုယ်က အနံ့ဆိုးကြီး မနံကြဘူးလား”
လူသုံးယောက်သည်
“နံတယ်”
သူတို့သည် အဆောင်ခန်းများဆီသို့ သုတ်ခြေတင်သွားကြသည်။အဆောင်ခန်းထဲတွင် ဖုဝေသည် ဝရံတာလက်ယမ်းကို မှီနေပြီး အပြင်ကို ငေးကြည့်နေသည်။
ကျန်းလော်သည် သူ့ကိုဘေးတိုက်ကြည့်လိုက်ပြီး သူ့ဆီလျှောက်သွားလိုက်သည်။ ဖုဝေသည် အသံကြားသောကြောင့် လှည့်ကြည့်လိုက်ပြီး မျက်နှာကိုတင်းလိုက်ကာ
“ဘာလုပ်မလို့လဲ”
ကျန်းလော်သည် သူ့နှုတ်ခမ်းကိုသေချာကြည့်လိုက်ပြီး သူ့ကိုပြုံးပြလိုက်ကာ
“ဖုဝေ မင်းနှုတ်ခမ်းက ကြည့်ကောင်းတယ်နော်”
ဖုဝေသည် မျက်ခုံးပင့်လိုက်ပြီး ကျန်းလော်စကားဆက်မည့်အချိန်ကို စိတ်ရှည်စွာစောင့်နေသည်။ ကျန်းလော်သည် မဲ့ပြုံးပြုံးလိုက်ပြီး
“ပြုံးပြ”
ဖုဝေ “..................”
သူသည် မျက်မှောင်ကြုတ်လိုက်ပြီး
“ကျန်းဟွမ် မင်းနေမကောင်းဘူးလား”
သူသည် ကျန်းလော်ကိုယ်မှ အနံ့ရလိုက်သောကြောင့် မျက်မှောင်ကြုံ့နေရာမှ ရှုံ့မဲ့သွားပြီး
“မင်းဘယ်များသွားပြီး ဘာတွေလုပ်လာလို့ ဒီလောက်နံစော်နေရတာလဲ”
“ပျော်စရာကောင်းတဲ့ဆီသွားခဲ့တာ”
ကျန်းလော်သည် သူ့လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး
“ရယ်စရာပြောတာပါကွာ ဖုဝေ မင်းသိလား ငါကလေ သိပ်ပြီးစိတ်ထိန်းနိုင်တာမဟုတ်ဘူး”
ဖုဝေသည် ရှက်သွားပြီး ပြုံးပြလိုက်သည်။
ကျန်းလော်သည် သူ့ပါးစပ်ထောင့်နားကိုသေချာကြည့်လိုက်သည် ။ ထို့နောက် သူသိချင်တာသိသွားရသလို ပြုံးလိုက်ပြီး ဖုဝေကို ကျေးဇူးတင်လိုက်ကာ ရေချိုးခန်းထဲ တန်းဝင်သွားသည်။ သူသည် ရေအကြာကြီးချိူးိုက်သည်။ ရေတစ်စက်စက်ကျနေသော ရေချိုးသံသည် ဝရံတာထိပျံ့လွင့်လာသည်။ ကျန်းလော်သည် သဘက်ဖြင့် ရေသုတ်လိုက်ပြီး ထိုသဘက်ကို ခါးတွင်ပတ်လိုက်သည်။ ထို့နောက်အဝတ်လဲကာ ရေချိုးခန်းထဲမှထွက်လိုက်သည်။ သူသည် သမ်းလိုက်ပြီး လုယုံရိနှင့် တခြားသူများကို သူအိပ်တော့မည့်အကြောင်း ပြောလိုက်သည်။ ထို့နောက်သူသည် မနက်ငါးနာရီ နှိုးစက်ပေး၍ အိပ်ရာပေါ်တွင် လှဲလိုက်သည်။ ဖုဝေသည် သူ့နားရောက်လာပြီး
“မနက်ဖြန် အဆင့်တွေခွဲတော့မှာ စိတ်လှုပ်ရှားနေလား”
ထို့နောက်သူသည် ကျန်းလော်ကို ကြည့်ကာ
“ကျန်းဟွမ် မင်းက သင်တန်းသားနှင့် လုံးဝမတူဘူး”
“ပျင်းစရာကောင်းလိုက်တာ”
ကျန်းလော်သည် စောင်ကို ခေါင်းထိခြုံလိုက်ပြီး သူ့မျက်နှာသည် နီရဲနေကာ မျက်လုံးများသည် အချိန်အကြာကြီး မအိပ်ထားရသလို ရဲတောက်နေသည်။ ထို့နောက်သူသည် ဆွဲဆောင်မှုရှိစွာ ခေါင်းပြန်ထောင်လိုက်ပြီး
“ငါက စင်ပေါ်မှာရပ်နေပြီး ဘာမှမလုပ်ပဲနဲ့တောင့် ငါ့ကိုမဲပေးမဲ့ လူတွေအများကြီးပဲ နားလည်လား ”
သူသည် ဂရုမစိုက်စွာဖြင့် ပြောလိုက်သည်။ ထိုသို့ပြောပြီးနောက် ဖုဝေကို ကျောပေး၍ ပြန်အိပ်လိုက်သည်။ ဖုဝေသည် သူကြားရုံအသံဖြင့်
“ဒီလိုကိုး”
ကျန်းလော်သည် ချီယုံကို မျက်နှာမဲ့မိစ္ဆာနှင့် တိုက်ခိုက်စေရန် ချောက်ချဖို့ ပြင်ဆင်နေသေည်လည်း ထိုအကြံကို သူ့သူငယ်ချင်းများကို ပြောပြလို့ မဖြစ်ပေ။ သူနိုးလာသောအခါ သူသည် သူ့သူငယ်ချင်းများကို တမင်တကာရှောင်နေ၍ မျက်နှာမဲ့မိစ္ဆာကို လှည့်စားရန် ကြိုစားနေသည်။ ချီယုံ့ကိုခေါ်ရန် အဆင်သင့်ဖြစ်နေပေပြီ။ ကျန်းလော်သည် အဖြေမှန်ကိုသိနေသော်လည်း တမင်မှားဖြေလိုက်ပြီး ချီယုံကိုဆွဲထုတ်ဖို့ ပြင်ထားသည်။ သူသည် အဆောင်မှာရှိနေသည်ကို သိသော်လည်း ချီယုံသည် ညဆယ့်နှစ်နာရီမှသာ ဖုန်းခေါ်လာသည်။ ကျန်းလော်မျက်လုံးထဲတွင် အပြုံးတစ်ချက်လက်သွားပြီး ရေချိုးခန်းထဲဝင်သွားကာ
“ဟယ်လို”
“ဒုတိယညရဲ့ ကစားပွဲစပြီ”
မကောင်းဆိုးဝါးသည် ပြုံးလိုက်ပြီး
“ကိုယ်ဘယ်သူမှန်းသိပြီလား”
ကျန်းလော်သည်
“ပုံမှန်အတိုင်းပဲ မင်းပုံအရင်ပို့ပေး”
ခနကြာပြီးနောက် မကောင်းဆိုးဝါးသည် သူ့ဘယ်ဘက်လက်ပုံကို ပို့လာသည်။ လက်ချောင်းများသည် လုံးဝန်းရှည်လျားနေပြီး မှဲ့သေးသေးလေးသည် လက်ဖဝါးစောင်းတွင် မမြင်ရသလောက်သေးငယ်နေသည်။ ထို့နောက်သူသည် ဘယ်သူမှန်း ခန့်မှန်းမိသွားသော်လည်း တမင်သက်သက်
“ဖုဝေ”
“ကံမကောင်းလိုက်တာ မှားသွားပြန်ပြီ”
“မင်းက နှစ်ခါတောင်မှားတော့ ကိုယ်မပျော်တော့ဘူး ဒီညကစားပွဲကို မင်းသူငယ်ချင်းလေးတွေကိုပါ ပါဝင်ခိုင်းလိုက်ရမလား မင်းကိုအပြစ်ပေးတဲ့အနေဲ့ သူတို့ကိုပါဝင်ဆော့ခိုင်းလိုက်မယ်လေ”
ထိုသို့ပြောပြီးနောက် မကောင်းဆိုးဝါးသည် ချက်ချင်းဖုန်းချသွားသည်။
ကျန်းလော်သည် စုတ်သပ်လိုက်ပြီး အကောင်းအဆိုးဘာမှ မဆုံးဖြတ်နိုင်တော့ပေ။
ရယ်ရွှင်နှင့် တခြားသူများသည် သူနှင့်အတူရှိနေပြီး သူတို့အားလုံးးသည် သန်မာကြသည်။ သို့သော် အရူးကောင် ချီယုံနှင့် သူတို့ကို အတွေ့မခံနိုင်ပေ။ သူသည် တံခါးဖွင့်လိုက်ပြီး အပြင်ထွက်လိုက်သည် ။ သို့သော် သူသည် ရေချိုးခန်းထဲမှထွက်လိုက်သော်လည်း အဆောင်ခန်းထဲရောက်မသွားပဲ ဆေးရုံခန်းတစ်ခန်းထဲရောက်သွားသည်။
ကျန်းလော်သည် သူ့ကိုယ်သူငုံ့ကြည့်လိုက်ရာ သူသည် လူနာဝတ်စုံကို ဝတ်ထားလေသည်။ ကြည့်ရသည်မှာ မကောင်းဆိုးဝါး၏နောက်ထပ် ပုံရိပ်ယောင်ထဲ ရောက်သွားပြန်ပုံပင်။ ကျန်းလော်သည် မျက်လုံးမှိတ်လိုက်ပြီး သူ့ကုတင်ရှိရာဆီသို့ မှန်း၍ လျှောက်သွားလိုက်သည် သို့သော်ထူးဆန်းစွာပင် ဘာကိုမှ မထိမိပေ။
ကျန်းလော်သည် မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ့ကုတင်ရှိသင့်သော နေရာတွင် ဘာမှမရှိပေ။ သူ့နှလုံးသားနှစ်မြုပ်သွားသလို ခံစားလိုက်ရပြီး သူသည် တံခါးဖွင့်လိုက်ကာ လျှောက်လမ်းမှတစ်ဆင့် ဆေးရုံကော်ရစ်တာအပြင်ဘက်သို့ လျှောက်ထွက်လာသည်။ ကော်ရစ်တာ အပြင်တွင် သွေးများသည် နေရာတိုင်းတွင် ခြောက်ခြားဖွယ် နံရံများအထိ နီရဲစိုရွှဲနေသည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများကို လွှဖြင့် အပိုင်းပိုင်းဖြတ်ထားသည်။ ယောက်ျား မိန်းမ ဆရာဝန်များရော လူနာများပါမကျန်သတ်ဖြတ်ထားပြီး အပိုင်းပိုင်းပြတ်နေသော အစိတ်အပိုင်းများကြမ်းပြင်ပေါ်တွင် ပျံ့ကျဲနေသည်။ ကျန်းလော်သည် ထိုအရာများမှ အကြည့်လွှဲလိုက်ကာ နံရံတစ်ဖက်ကို ကြည့်လိုက်သည်။
သူသည် လမ်းတလျှောက်တွင် လူတစ်ယောက်ကိုမျှမတွေ့ရပေ။ ထို့ကြောင့်သူသည် သူနာပြုများနေရာသို့သွားလိုက်သည် ။ ထိုနေရာတွင်လည်း ဘယ်သူမှမရှိပေ။ ဆေးပစ္စည်းများသည် ပြန့်ကျဲနေပြီး အဖြုရောင်ကုတ်သည် ချိတ်ထားသောနေရာတွင်ပင် အနီတစ်ကွက် အဖြူတစ်ကွက် သွေးများရွှဲရွှဲစိုနေသည်။ ဆေးရုံတစ်ခါလုံးသည် အစုလိုက်အပြုံလိုက် အသတ်ခံထားရကာ စိတ္တဇလူသတ်သမားတစ်ယောက် လက်ချက်ပင်ဖြစ်မည်။ ကျန်းလော်သည် သူနာပြုစားပွဲဆီသို့သွားလိုက်ပြီး ထိုစားပွဲကိုရှာကြည့်လိုက်ရာ ခွဲစိတ်ခန်းသုံးဓားတစ်ချောင်းနှင့် သတင်းစာတစ်စောင်ကို တွေ့လိုက်ရသည်။ သတင်းစာကို ဖတ်ကြည့်လိုက်ရာ
“လွှစက်ကိုင်လူသတ်သမားအားဖမ်းဆီးရာတွင် ဒဏ်ရာရသွားသောကြောင့် နံပါတ်သုံးဆေးရုံတွင် အရေးပေါ်ကုသရန် ပို့ဆောင်”
ကျန်းလော်သည်သူနာပြုစားပွဲမှ ထရပ်လိုက်မိကာ စားပွဲနောက်နံရံပေါ်တွင်ရေးထားသော ဆေးရုံနံပါတ်သုံးဟူသော ပြောင်ပြောင်လက်လက် စာလုံးကြီးများကို မြင်လိုက်သည်။
ကျန်းလော် “...........”
သူသည် ဘေးကိုလှည့်ကြည့်လိုက်သောအခါ သူနာပြုစားပွဲပေါ်တွင် သွေးနှင့်ရေးထားသော စာကြောင်းတချို့ကိုတွေ့လိုက်သည်။ လူတစ်ယောက်သည် အလွန်တုန်ယီနေပြီး ကြောက်လန့်နေပုံရကာ မညီမညာလက်ရေးဖြင့် ရေးထားပုံရပြီး သွေးများသည် တစ်ဝက်လောက်ခြောက်သွေ့ပစ်ခဲနေကာ ကြောက်စရာကောင်းလှသည်။
“လူသတ်သမားက ဆရာဝန်လို ဝတ်ထားပြီး လူတွေအများကြီးသတ်လိုက်တယ်၊ သူကအရမ်းကြောက်ဖို့ကောင်းတယ်၊ ပြေးတော့”
######################################################################

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now