"ကိုကိုးငယ်!"
"ဗျာ တီငယ်"
"အပြင်ကို ကြွခဲ့ဦး"
"ကိုး ဂိမ်းဆော့နေတာလေ တီငယ်ကလည်း"
"အဲ့ဂိမ်းခဏချပြီးထွက်ခဲ့ ဒေါ်ခင်ပြည့်စုံရှင်းကိုကိုးငယ်"
"နှစ်ခုပေါင်းမခေါ်ပါနဲ့ အပျိုကြီးရယ် မောနေမယ် လာခဲ့မယ် ငါးမိနစ်"
"ခုထွက်ခဲ့လို့"
"ခဏလို့ဆို"
"ခင်ပြည့်စုံရှင်း!"
"လာပြီး ဒေါ်ခေမီမီထက်ရေ လာပြီ အပျိုကြီးတွေ လက်ပေါက်ကပ်တာ တီငယ်အဆိုးဆုံးပဲ"
"လာခဲ့ ဈေးသွားမယ်"
"ဟာ မနက်တည်းကဒီရုပ်နဲ့ထိုင်နေတာလေ ဘယ်လိုလိုက်ရမလဲ"
"ဒီရုပ်လည်းဘာဖြစ်လဲ ထပ်ပြင်လည်းဒီရုပ်ပဲ မထူးပူး သွားမယ် လာ....."
အတင်းဆွဲခေါ်သွားသော တီငယ့်နောက် ကိုးတစ်ယောက် လိုက်ရပါတော့သည်။
ဒီအပျိုကြီးတစ်ယောက်ကတော့ လုပ်လိုက်ရင် ဒီလိုတွေချည်းပဲ။
ကိုးမှာ ဂုတ်ထောက်ဆံပင်တွေကို လက်နဲ့သပ်ပြီး လိုက်ခဲ့ရတော့သည်။"ဆိုင်ကယ်ကဘာတုန်း နှစ်စီးသွားမှာလား"
"ကိုးငယ်ကို တီငယ်တင်မစီးနိုင်ပါပူး သူကဖြင့် ရေမချိုးပဲနဲ့"
"ဟယ် ကြည့်စမ်း ဒေါ်ခေမီမီထက် မနက်ကိုးနာရီလေ ခုနကမှ နိုးတဲ့လူကို ဆွဲခေါ်လာပြီးများ ပြောရဲတယ်နော်"
"အမလေး တူမမို့တော်တော့တယ် ရွယ်တူသာဆို ထရိုက်မဲ့ရုပ်နဲ့ကွယ် ဈေးဝယ်ပြီး ကိုးငယ်ကအိမ်ပြန် တီငယ်က လိုက်ဝယ်ပေးပြီး အပြင်တခါတည်းသွားမှာမို့ နှစ်စီးသွားမှာ"
"ပြီးတာပဲ"
ဆိုင်ကယ်တစ်ယောက်တစ်စီးဖြင့် ဈေးသို့သွားကြရင်း ရှေ့မကြည့်ပဲ ဟိုငေးဒီငေးလုပ်နေသဖြင့် တီငယ့်ဆီက အဆူခံလိုက်ရသေးသည်။
ဈေးရောက်တော့လည်း ရှေ့ကနေ ဈေးခြင်းကိုင်ကာ ကော့တော့ကော့တော့နဲ့ လျှောက်သွားတဲ့ တီလေးနောက် ဆိုင်ကယ်သော့တွေသိမ်းပြီး လိုက်ရသည်။