မုန်တိုင်းပြီးရင်လေပြေလာသလိုမျိုး ရောဂါပိုးရှာမတွေ့ခြင်း သုံးကြိမ်မြောက်မှာ ထိုငပျင်းလေး အိမ်ပြန်ခွင့်ရခဲ့တယ်။ဆေးစစ်ချက်ထွက်ခါနီးတိုင်း သူ့လက်လေးကိုင်ပြီး အားပေးချင်စိတ်ကို ဆရာဝန်တစ်ယောက်ရဲ့ တာဝန်ကျေချင်စိတ်နဲ့ ဖြေဖျောက်ရတာလည်းအခါခါရယ်။ဖြစ်နိုင်မယ်ဆိုရင် သူ့အိပ်မက်တွေလှဖို့ ပိုးစုန်းကြူးလေးဖြစ်ချင်တာ။
"ဇီ နက်ဖြန် ဆယ်နာရီခွဲလောက်ပြန်ရမယ်"
"ပစ္စည်းတွေ သေချာစစ်"
ကိုယ်မပါတော့ ဘယ်အရာမှစိတ်မချမိတာ ကိုယ်မလွန်ဘူးထင်တယ်။မျက်စိရှေ့မှာပဲ ဒီပန်းလေးကို ပျိုးခဲ့တာမို့ ပန်းလေးရဲ့ရာသီကို တွက်ချက်စရာမလိုခဲ့။
"အကုန်ပါပြီ ဒီမှာတွေ့လား အခန်းပါရှင်းပေးခဲ့တာ"
ဒါလည်း ဒီလူသားရဲ့ချစ်စရာကောင်းလှတဲ့အကျင့်လေးတစ်ခုပဲ။
"အင်း နားတော့"
ဂျူတီပြန်ဝင်ရမှာဖြစ်သလို အားပြည့်အောင် စောစောအိပ်စေချင်တာရယ်ကြောင့် စကားစအမြန်ဖြတ်ချရတယ်။ဒီလူသားလေးဟာ ကိုယ်ကိုရစ်ပတ်စေဖို့ ရှင်သန်လာတဲ့ နွယ်ပင်လေး။
မနက်နှိုးပေးပါဦးတဲ့လေ။ ဖုန်းနဲ့ နှိုးစက်ပေးလို့ရပေမယ့်လို့ ကိုယ်တိုင်က မနက်ခင်းရဲ့ပထမဆုံးသံစဉ်လေးဖြစ်ချင်နေခဲ့တာ။ သူငယ်ချင်းအဖြစ်နဲ့ရောင့်ရဲနိုင်စွမ်းကို စမ်းသပ်လွန်းတဲ့ မုန်လာဥဖြူလေးဟာ တကယ့်ခပ်တုံးတုံးလေးပဲ။
လုံခြုံမှုအဓိကအတွက် ဝတ်စုံဝတ်လိုက်ချိန်မှာတော့ ကိုယ့်အပြုံးတွေဟာ ပြင်ပဆီလွင့်ပျောက်မသွားတော့။......................................................................................................
ဖုန်းငါးခါလောက်ခေါ်ပြီးမှ တိုးတိုးလေးကြားရတဲ့ အိပ်ချင်မူးတူးအသံလေးဟာ ကိုယ့်အတွက်တော့ မနက်ခင်းကော်ဖီတစ်ခွက်လိုပဲ။ စစ်စရာရှိတာတွေ စစ်ခိုင်း မှာစရာရှိတာတွေမှာပြီးတော့မှ ကိုယ်လည်းအိပ်ဖို့ လုပ်ရတော့တယ်။ စိုးရိမ်မှုတွေနဲ့ သန်းခေါင်တွေလည်း သူအိမ်ပြန်မှပဲ အိပ်မောကျတော့မယ်။
ခရီးတစ်ခုပေမယ့်လို့ အလာတုန်းကမျက်ရည်တွေနဲ့ အားငယ်နေတဲ့ လူကြီးယောင်ဆောင်လေးဟာ အိမ်ပြန်ခရီးမှာတော့ တီမေတို့ မားတို့ရဲ့ အကဲပိုမှုနဲ့ နွေးထွေးလို့။
......................................................................................................
"ဇီ ဒီနေ့တစ်ရက် ဂျူတီချိန်းလိုက် အိပ်ရေးဝအောင်လို့"
ကိုယ့်လက်ထဲက ကော်ဖီခွက်ကိုဆွဲယူသွားတဲ့ အစောနဲ့ နားနေခန်းအဝကိုမှီပြီး လက်ပိုက်ကြည့်နေတဲ့ ဇဝါ
ကိုယ့်ပစ္စည်း သူများထိရင်မကြိုက်တဲ့ ကိုယ်ဟာ ဟိုလူသားလေးကနေ အစပြုလို့ ဒီသူငယ်ချင်းနှစ်ယောက်ကိုလည်း ပြောမနိုင်တော့။ခင်ခါစက ရန်ဖြစ် ပြသနာတွေတက်ရပေမယ့်လို့ နောက်ပိုင်းတော့ အကျင့်ဖြစ်ကုန်တော့တာပဲ။ကိုယ်သောက်ထားတဲ့ကော်ဖီကို တစ်ငုံလောက် အနည်းဆုံး သောက်လိုက်ရမှ။အခုလည်း မနေနိုင်မထိုင်နိုင်နဲ့ အိပ်ခါနီး ကော်ဖီယူသောက်သွားတဲ့ အစောကို ပြောဖြစ်အောင်ပြောမိလိုက်သေးတယ်။"အိပ်ပြီဟေ... သောက်ပြီးရင် ခွက်ကိုရေဆေး နေရာတကျပြန်ထားခဲ့" လို့။
"ထမလားနဲ့နော် စိတ်ကောင်းရှိတုန်းလဲပေးထားတာ ကောင်းကောင်းအသုံးချ"
ခေါင်းထိဆွဲခြုံထားတဲ့စောင်ကို ရန်စသွားသေးတာ။ မီးပိတ်ပေးသွားတဲ့ ဇဝါ နဲ့ ကော်ဖီခွက်ကိုင်သွားတဲ့ အစောနဲ့ ပုံရိပ်တွေဟာ မှုန်ဝါးလာပြီး အသံတွေလည်း ဝေးကွာ။ ကိုယ့်အိပ်မက်ထဲကို ဝင်မနှောက်နဲ့ အရစ်လေး ဒီတစ်ခါတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါရစေ။