(အဆင်ပြေလား သွားတာလာတာ သတိနဲ့သွား)
(စိတ်ချ ဇီပြောတဲ့အတိုင်းပဲ နေတာ ဇီလည်းဂရုစိုက်ဦး)
"ကဲ ပြုံးနေတဲ့ ဖိုးလမင်းကြီးရေ အိပ်မယ်"
ပုခုံးပုတ်ပြီးပြောလာတဲ့ ဇဝါကြောင့် နာရီကြည့်မိတော့ ည ၁၁ နာရီတောင်ကျော်လို့။အိပ်ခိုင်းဦးမှပါ တော်ကြာခေါင်းမူးနေမှဖြင့်
(အိပ်တော့ မနက်သွားရမှာမလား)
(အင်း အိပ်ပြီ တာ့တာ ဇီ take care yrself နော်)
လှုပ်ရှားနေတဲ့ အဝါရောင်ဝဝတုတ်တုတ်
စတေကာလေးကြောင့် ကိုယ်ပြုံးမိပြန်တယ်။အဲဒီ့ညက ကြယ်တွေစုံခဲ့ပါတယ်။Pandemic လို့ ကြေညာပြီး ၁၂ ရက်အကြာတွင် အားတင်းကာကွယ်ထားတဲ့ မိခင်မြေဟာ ဒဏ်ရာရအိမ်တန်းပြန်ဌက်တွေနဲ့အတူ ကူးစက်ခံနိုင်ငံတွေထဲ စာရင်းဝင်သွားခဲ့တယ်။
ရှေ့တန်းမှာ တိုက်နေရတဲ့ စစ်သည်တော်တွေဖြစ်တဲ့ သမားတော်တွေ ဆေးအမှုထမ်းတွေဟာ အလုပ်များခဲ့ပြီး ကြောက်စိတ်တွေကြားကနေ တိုက်ခိုက်ခဲ့ကြတယ်။
ဧပရယ်လ်လဟာ အပူဆုံးတဲ့။
နှစ်ရှည်ပင်တွေအုပ်ဆိုင်းနေတဲ့ ပျဉ်ထောင်အိမ်လေးကြောင့် နွေအပူကို အလွန်ပူပြင်းမှန်းမသိခဲ့ဘူး။နွေလည်ခေါင်မှာ မိုးကြိုးပစ်တယ်ဆိုတာကို စာတွေမှာပဲဖတ်ဖူးခဲ့တာ။
(ဇီ ငါ ပါးစပ်အရသာပျက်နေတာ သုံးရက်ရှိပြီ ဒီနေ့မနက်ကို အနံ့ပါခံမရတော့ဘူး)
စာတိုလေးပဲ။ဒီစာတိုလေးဟာ ကိုယ့်ကမ္ဘာတစ်ခုလုံးကို မိုးကြိုးပစ်ချလိုက်တဲ့စာတိုလေးပေ့ါ။
စိတ်မပူပါနဲ့ အဆင်ပြေသွားမှာပါလို့ မပြောနိုင်တော့တဲ့ ဆရာဝန်တစ်ယောက်ဟာ
ကော်ရစ်တာမှာ ကြိုးပြတ်သွားတဲ့ ရုပ်သေးရုပ်လို ငြိမ်သက်လို့။အနားကိုသွားပြီး ထွေးပွေ့ထားချင်ပေမယ့် ကိုယ်ဟာ နိုင်ငံတော်အတွက် လူနာတွေအတွက် ပေးဆပ်ထားခဲ့ရတဲ့ ရှေ့တန်းရောက် ပြည်သူ့ဝန်ထမ်းတစ်ယောက်ဖြစ်နေခဲ့တယ်။
ဖုန်းဆက်သော်လည်း ဖြေကြားချင်မရှိတဲ့ ခေါ်ဆိုမှုတွေကြောင့် အခန်းငယ်လေးထဲမှာ ဘယ်လောက်တောင် ကြောက်နေလိုက်မလဲ။များပြားလှတဲ့တာဝန်တွေကြောင့် lockerထဲ ထည့်ခံထားရတဲ့ ဖုန်းလေးဟာ ပေးပို့သူအလိုကျ အချိန်မှီ တာဝန်မကျေခဲ့ဘူး။