ကော်ဖီကြမ်းတစ်ခွက်နဲ့ ဆေးမှတ်တမ်းတွေကြည့်နေရင်းနဲ့ ခေါ်သံကြောင့်လှည့်ကြည့်လိုက်တယ်။
"နောက်လကိုအအေးလှိုင်းဖြတ်မယ်တဲ့"
ကိုယ့်ကော်ဖီကိုယူသောက်ရင်းထိုင်လိုက်တဲ့ စော ကြောင့် ကြည့်နေလက်စ ဆေးမှတ်တမ်းတွေကို ချလိုက်ပြီး စကားဝိုင်းထဲ ဝင်နားထောင်လိုက်ရတယ်။
"အခု ဝူဟန်မှာ ဗိုင်းရပ်စ်ပိုးပြန့်နေပြီတဲ့"
အခုတစ်ခေါက်ဝင်ရောက်ဆွေးနွေးသူက ဇဝါ
အပေါင်းအသင်းမထားတတ်တဲ့ကိုယ့်အတွက် စောနဲ့ ဇဝါဆိုတာက ကျောင်းတက်ကတည်းက တွဲလာခဲ့တဲ့ ရဲဘော်ရဲဖက်တွေပေါ့။ စကားပြောရင် နားထောင်မှကြိုက်တတ်သလို ဝင်ပြောမှလည်း စိတ်ကြည်တတ်တဲ့ ပြောမနာဆိုမနာတွေလေ။
"ဇီဇဝါ scholar ခေါ်နေတယ် ပြင်သစ်ကတဲ့ ဖြေမှာလား "
"တွဲမခေါ်ပါနဲ့ ဆိုတာကို အမြဲတွဲခေါ်နေလိုက် ကျောင်းတုန်းကလည်း နင့်ကြောင့်ပဲ
နာမည်ကိုကြီးလို့ ဆေးရုံမှာတော့မခေါ်ပါနဲ့ အစောရာ"စောဆိုတာ သုံးယောက်အဖွဲ့ထဲမှာ စိတ်အကောက်ဆုံးနဲ့ အငယ်ဆုံး၊ ပြီးတော့ သဘောကောင်းပြီး အဖြူစင်ဆုံးပဲ။ အခုလည်းကြည့် စိတ်ကောက်သွားပြန်ပြီ။
စိတ်ကောက်တယ်ဆိုမှ အနှီလူသားကို သတိရ သွားပြန်ပြီ။ မနက်ကနေမကောင်းလို့ ဆိုပြီး ရုံးမသွားဘဲ အိပ်ပျော်နေတယ်။ ဆေးတော့ထားခဲ့ပေမယ့်လို့ သောက်ပါ့မလားပဲ။ နေမကောင်းတဲ့အချိန်ဆို အိပ်ရာထဲမှာခွေနေတတ်လို့ စိတ်ပူရတယ်။အတော်ဆိုးတဲ့ သက်ရှိလေးပဲ။
"နင်ကသာ မကြိုက်နေ ဟိုမှာပြုံးနေတာ မြင်တယ်မလား"
ဟော ကြည့်။ သူ့အကြောင်းတွေးမိရုံနဲ့ကို ကိုယ့်မျက်နှာမှာ ပြုံးနေမိတာမျိုး။စောကတော့ ထင်ကြေးတွေ ပေးပြီး အထင်တွေလွဲနေပြန်ပါပြီ။ အခုထိ စကားတစ်ခွန်းမှ မပြောဘဲ ပြုံးနေတဲ့ ကိုယ့်ကို ဇဝါက မျက်မှောင် ကျုံပြီး ကြည့်လာတယ်။
"ဇီ ပြုံးတာ ငါ့ကြောင့်မဟုတ်ဘူး"
"ဟား ဟား ဇဝါဆိုတာ ဇဝါ ပါပဲကွာ"