(Unicode)
1942 ခုနစ်... ကိုရီးယားနိုင်ငံ မြောင်ရန်းကျေးရွာ...။
သူတို့တစ်ရွာလုံးက Vante Kim ဆိုတဲ့ကောင်လေးကို ဝိုင်းဖယ်ထားကြတယ်...။ အကြောင်းကတော့ Vante ဟာ မွေးရာပါစုန်းအတတ်တွေ တတ်နေတာကြောင့်ပါ...။
သူ့ရဲ့မိခင်သူ့ကို ကိုယ်ဝန်စရှိချိန်မှာပင် သူ့ရဲ့ဖခင်ဟာ တောထဲမှာထင်းခုတ်သွားရင်း မြွေကိုက်ခံရကာ သေဆုံးသွားခဲ့တယ်...။ ကိုယ်ဝန်ကြီးနဲ့ ခက်ခဲပင်ပန်းစွာနေခဲ့ရတဲ့ သူ့မိခင်ဟာလည်း သူ့ကိုမွေးပြီးပြီးချင်းမှာ သေဆုံးသွားခဲ့ပြန်တယ်...။
မိဘမဲ့ဖြစ်သွားရှာတဲ့သူ့ကို ရွာမှာရှိတဲ့တစ်ခုတည်းသော တောင်ပေါ်ဘုရားကျောင်းက ဖာသာကြီးက ခေါ်ယူမွေးစားထားခဲ့တယ်...။ တခြားကလေးတွေလိုပဲ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာပြီး တမူထူးခြားလှတဲ့ အပြာရောင်မျက်ဝန်းလေးတွေနဲ့သူ့ကို အစပိုင်းမှာတော့ ရွာရှိလူတိုင်းက ဖေးမစောင့်ရှောက်ကြပါသေးတယ်....။
ပြဿနာက သူ့အသက် ၅နှစ်လောက်မှာ စတင်လာတာပါ...။ ချစ်စရာကောင်းပြီး သွက်လက်လှတဲ့သူက မနက်မိုးလင်းတော့ ထုံးစံအတိုင်း ဖာသာကိုခွင့်တောင်းပြီး သူ့အရုပ်လေးတွေကိုယူကာ ဆော့ဖို့အတွက် ရွာထဲကိုဝင်လာခဲ့တယ်...။
ကလေးတို့သဘာဝအတူတူဆော့ကြရင်း Vante ရဲ့ နိုင်ငံခြားဖြစ်အရုပ်လေးတွေကို ကလေးတစ်ယောက်က စိတ်ဝင်စားသွားတယ်...။
"Vante မင်းအရုပ်လေးက အရမ်းလှတယ်"
"အဲဒါဖာသာဆီလာလည်တဲ့ အနောက်တိုင်းသားကြီးက ငါ့ကိုလက်ဆောင်ပေးတာလေ... လှတယ်မလား... ဒီမှာကြည့် ငါလုပ်ပြမယ်"
Vante က မျောက်ရုပ်လေးရဲ့ နောက်ကျောကသံပတ်ကို လှည့်လိုက်တော့ မျောက်လေးက သွက်လက်စွာနဲ့ သူလွယ်ထားတဲ့ဗုံလေးကို တီးနေလေတယ်...။ ထိုအခါ ခုနကကလေးငယ်ရဲ့ လိုချင်တပ်မက်စိတ်က ပိုကြီးမားလာတယ်...။
"Vante ငါ့ကိုအဲဒီ့အရုပ်လေးပေးပါလား"
"ဟင်... မပေးပါဘူး ဒါကငါ့အရုပ်ကို"
Vante ဘက်ကလည်း သူ့ရဲ့ရှားရှားပါးပါး အရုပ်မို့မပေးချင်တာပါ...။ ဟိုကလေးကလည်း သူများဟာကိုမှ လိုချင်နေတော့ ဆွဲလုပါလေရော...။ နဂိုတည်းကလည်း ခပ်ဆိုးဆိုးမို့ နိုင့်ထက်စီးနင်းလုပ်ချင်တာလည်း ပါမှာပေါ့...။ တစ်ခုခုဆိုမိဘက လိုက်ရှင်းပေးနေကျကိုး...။