"ပါပါး....ဟိုလူကြီးနဲ့ ပါပါးတို့ကြားမှာ ဘာတွေဖြစ်ခဲ့တာလဲ....သူကဘာလို့ပါပါးကို လက်စားချေချင်ရတာလဲ....."
ရိပေါ်တို့အခန်းထဲထိဝင်လာကာ မေးမြန်းနေသော စစ်ကျွေးကြောင့် ရိပေါ်အံ့ဩသွားရသည်။ဘယ်လိုမှမထင်မှတ်ထားသည့် မေးခွန်းဖြစ်သည်မို့ ရုတ်တရက်ကြီး ဘာပြန်ပြောရမှန်းမသိဖြစ်သွားရသည်။ ဘယ်ကစပြီး ရှင်းပြရမှန်းမသိဖြစ်မိသည်။
"မဟုတ်ပါဘူး သားရဲ့....ပါပါးကို ဘာလို့လက်စားချေရမှာလဲ....မဟုတ်တဲ့စကားတွေဘယ်ကကြားလာတာလဲ သားငယ်....ဘယ်သူပြောလိုက်တာလဲ...."
"ပါပါးညာတယ်....မနေ့ညက ဝရံတာမှာ ပါပါးနဲ့ဟိူလူကြီးတို့ပြောနေတာ သားအကုန်ကြားတယ်....သူ့မှာ ဘာတွေမက်မောစရာရှိလို့ ပါပါးက အဲ့လောက်ခယနေရတာလဲ....ပါပါးပဲ သားကို ဆုံးမခဲ့တာက ဘယ်သူကိုမှ မလိမ်ရဘူးမညာရဘူးဆို....အခုပါပါးကိုယ်တိုင်က လိမ်ညာနေတာပဲ...."
စစ်ကျွေးရဲ့အသံက စူးရှတုန်ခါနေကာ စိတ်တိုနေသောမျက်နှာလေးကလဲ နီရဲလို့နေသည်။စစ်ကျွေးမျက်နှာကို စူးစူးစိုက်စိုက်ကြည့်နေသော ရိပေါ်က နှုတ်ခမ်းတွေဖိပိတ်အံကျိတ်၍
"တိတ်စမ်း....မင်း ငါ့ကိုဘာမှဝေဖန်ထောက်ပြစရာမလိုဘူး သားငယ်....ငါလုပ်နေတာ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ....ငါ့ကိုမဝေဖန်နဲ့....ဒါလူကြီးတွေကိစ္စ မင်းဝင်ပါစရာမလိုဘူး....အချိန်တန်ရင် အားလုံးအဆင်ပြေသွားမှာ...."
"အဲ့လိုမပြောပါနဲ့ ပါပါးရယ်....သားက ဝေဖန်တာမဟုတ်ဘူး....အဲ့လူနဲ့မှမဟုတ်ဘူး ပါပါးကို ဘယ်သူနဲ့မှ မယူစေချင်ဘူး....ပါပါးစိတ်ညစ်ရမှာဆိုးလို့ ကြိုက်ကြိုက်မကြိုက်က်ြုက် သားကခေါင်းငြိမ့်ပေးခဲ့ရတာပါ....သားဖြစ်ချင်တဲ့အရာအကုန်လုံးကို စွန့်လွတ်ခဲ့တာ....ပါပါးဘဝတခုလုံးသားအတွက်နဲ့ ပုံအပ်ပေးဆပ်ထားတာသိလို့ ပါပါး ရှေ့ကနေ မားမားမတ်မတ်ပြီး အားကိုးရတဲ့သားဖြစ်ချင်တာပါ....ပါပါးကို သားချစ်တယ်....ဘာနဲ့မှလဲမရအောင် သားတန်ဖိုးထားတယ်...."
ခုတင်ပေါ်မှာထိုင်နေသော ရိပေါ် ရှေ့မှာ ဒူးထောက်ထိုင်ချရင်း ရိပေါ်လက်ကလေးကို ဆုပ်ကိုင်ကာ မျက်ရည်များနဲ့ ပြောဆိုနေသောစစ်ကျွေးကြောင့် ရိပေါ်ရင်ထဲနာကြင်သွားရသည်။သားရင်ထဲမှာ ဒီလောက်ထိ ခံစားရရှာမှန်း ရိပေါ်မသိခဲ့ပါ။ကလေးသဘာဝ ပြီးလွယ်ပျောက်လွယ်ဟုသာ ရိပေါ်ယူဆခဲ့မိသည်။