#Unicode
မနေ့ကစိတ်ညစ်ညစ်နဲ့ သောက်ပြီးအိပ်သွားခဲ့တာ နိုးလာတော့ ၉ နာရီတောင်ကျော်နေပြီ။ အနားကိုကြည့်တော့ ယောင်းကရှိမနေခဲ့။ အရင်ကဆို မနက်တိုင်းအတူတူနိုးထနေကြပေမယ့် အခုဆို ယောင်းနဲ့သူနဲ့ကသိပ်မျက်နှာချင်းဆိုင်လို့မရတော့သလို။
ညကဆို အကြောင်းမရှိအကြောင်းရှာ စကားလုံးရင့်ရင့်တွေပြောပြီးပြသနာရှာတာ။ ပြန်တွေးမိတော့ သူလည်းယောင်းကိုပြန်အော်ခဲ့မိတာပဲ။
စိတ်တွေကလေးလံနေသည်။ ရင်ထဲလည်းမကောင်း။ တစ်ခါမှ သူတို့နှစ်ယောက်ကြားထဲ ဒီလိုတွေမဖြစ်ခဲ့ဖူးတာကို။
မျက်နှာသစ်ပြီး အောက်ဆင်းတော့ မီးဖိုချောင်ထဲကချက်ပြုတ်သံတွေကိုကြားရသည်။ သူဝင်လာတော့ ယောင်းကမနေ့ကဘာမှမဖြစ်ခဲ့တဲ့အတိုင်း ပုံမှန်ပင်။
"နိုးပြီလား ဂျွန်"
"အင်း ယောင်း"
အပြုံးနုနုလေးတွေက မျက်နှာပေါ်မှာလန်းလန်းဆန်းဆန်းပါပဲ။ သူ့မှာသာ မနေ့ကအရှိန်နဲ့ ဝမ်းနည်းလွန်ကာ အီလည်လည်နဲ့။
ယောင်းကပြသနာတွေကိုပြန်အစမဖော်ချင်လို့ပဲလားတော့မသိ ညက ကိစ္စ နဲ့ပတ်သတ်လို့ ဘာဆို ဘာမှမပြော။
"မင်းကြိုက်တဲ့ ထမင်းကြော် ကြော်ထားတယ်"
မီးဖိုကိုပိတ်ပြီး အိုးထဲကပူပူနွေးနွေးထမင်းကြော်တွေကို ကြွေပန်းကန်ပြားထဲထည့်ပေးသည်။ ပြီးတော့ အပေါ်မှာကြက်ဥကြော်လေးတစ်လုံးကိုတင်ပေးသည်။
ယောင်းပုံစံက သူစားဖို့အတွက်ကို သေချာကိုပြင်ဆင်ပေးနေတာ။
"ယောင်း"
"ပြောလေ ဂျွန်"
"ကိုယ်တောင်းပန်ပါတယ်"
"ဘာကိုလဲ"
သူ့ဘက်ကစကားစပေမယ့် ယောင်းကမသိသလိုပင်။ မနေ့ညကမှ ကတောက်ကဆဖြစ်ကြတာ ယောင်းမမှတ်မိစရာမှမရှိတာလေ။
"မနေ့က ကိစ္စကိုပြောတာပါ"
"အော်။ ရပါတယ် ဂျွန်"
ယောင်းကမနေ့ကသူမဟုတ်တဲ့အတိုင်းပါပဲ။ လေသံအေးအေးလေးနဲ့ ဆိုကာ စားလက်စ ထမင်းကြော်ကိုပဲဆက်စားနေသည်။