#Unicode
" မအိပ်သေးဘူးလား ယောင်း "
စားပွဲပေါ်မှာ laptop တစ်လုံးနဲ့စာထိုင်ရေးနေသော ထယ်ယောင်းကို ကြည့်ပြီး ဂျောင်ဂုကမေးသည်။
" အင်း ဒါလေးဆက်ရေးမလို့ "
" ဒါဆို ကိုယ်အိပ်နှင့်ပြီ "
" အင်း ... ဂျွန် "
ထယ်ယောင်းမှာ စာရေးတာကိုအာရုံရောက်နေမှန်းသိတာကြောင့် ဂျောင်ဂုမှာ များများစားစား စကားမဆိုတော့ဘဲ အိပ်ယာဝင်လိုက်သည်။ တနေကုန် နားချိန်မရှိညောင်းညာနေတာကြောင့် ခဏလေးအတွင်းမှာပင် အိပ်မော ကျသွားတော့သည်။
အချိန်ကား မနက် တစ်နာ ရီခွဲ။ နောက်ကျနေပြီမှန်းသိပေမယ့် ထယ်ယောင်း မအိပ်နိုင်သေးပါ။ စာရေးတယ်ဆိုတာကလည်း ခံစားချက်တွေထွက်နေတဲ့အချိန် ရေးလို့အကောင်းဆုံးမဟုတ်ပါလား။
ဒီနေ့ရာသီဥတုက အိုက်စပ်စပ်နဲ့။ ပြတင်းပေါက်တွေ အကုန်ဖွင့်ထားတော့ လေအေးလေးတွေကအခန်းထဲမှာ အေးနေသည်။
အဲကွန်းလေကို ထယ်ယောင်းမကြိုက်ပါ။ အခုလို သဘာဝက ရတဲ့ လေအေးတွေကိုသာ သဘောကျသည်။ ဒါ့ကြောင့် ညအိပ်ပြီဆို အဲကွန်းကိုပိတ်ကာ ပြတင်းပေါက်တွေကိုဖွင့်အိပ်ဖြစ်သည်။
စာရေးနေတုန်းဘေးကနေထွက်လာတဲ့ ဟောက်သံကြောင့် ထယ်ယောင်း ပြုံးမိသည်။ ဘယ်လောက်တောင်ပင်ပန်းလာလည်းမသိ အိပ်နေတာများ ရထားကြီးမောင်းနေတဲ့အတိုင်းပဲ။
* ရှပ် ... ရှပ် ...*
ပီပီသသကြားလိုက်ရသော တရှပ်ရှပ်အသံကြောင့် စာရေးလက်စ လက်ကရပ်တန့်သွားသည်။ စူးစိုက်ကာနားထောင်နေတုန်းမှာပဲ နောက်ထပ် ကြားလိုက်ရသောတရှပ်ရှပ်အသံကြောင့် ထယ်ယောင်း ကျောမတ်သွားရသည်။
* ရှပ် ... ရှပ် ... ရှပ် ..."
laptop ကိုပိတ်ပြီး ထကြည့်ရန်ဆုံးဖြတ်လိုက်သည်။ အခန်းတံခါးမကြီးကို ဖွင့်လိုက်တဲ့အချိန်မှာ ရေစိုကွက်လို ထင်ထင်ရှားရှား ခြေရာတွေကြောင့် တံတွေးတစ်ချက်ကိုမျိုချလိုက်မိတဲ့အထိ။
ထိုခြေရာက သူတို့ရဲ့ အိပ်ခန်း အရှေ့မှစလို့ လှေကားထစ်တွေအတိုင်း အောက်ကိုဆင်းသွားသည်။ သူခိုးလား ဘာလားတော့ သေချာမသိ။
