ဒီနေ့လေးက ကျွန်တော်တို့ ၉ ယောက်လုံး တွေ့ဆုံရမဲ့နောက်ဆုံးနေ့လေး။ အရင်လိုအဖွဲ့လိုက်မဟုတ်ဘဲ ကိုယ်ကျွမ်းကျင်ရာ နယ်ပယ်အသီးသီးမှာ တစ်သီးတစ်သန့်လုပ်ဆောင်ကြရတော့မည်။ အရင်ကတည်းက ၂ နှစ်ခွဲ စာချုပ်သက်တမ်းပြည့်ရင် ZB1 အဖွဲ့လေးက အလိုလိုပြိုကွဲသွားမယ်ဆိုတာ နားလည်လက်ခံပြီး Debut လုပ်ခဲ့ပေမယ့် တကယ်တမ်း ရင်ဆိုင်ရတော့ အမှန်တကယ် လက်မခံနိုင်ခဲ့ကြပါ။
Company က စီစဉ်ပေးတဲ့နှုတ်ဆက်ပွဲလေးမှာ တာဝန်အရပြုံးပြနှုတ်ဆက်ခဲ့ကြရပေမယ့် အဆောင်ကိုပြန်ရောက်ချိန်မှာတော့ ဟန်ဆောင်မျက်နှာဖုံးများခွါချကာ အကုန်လုံးက ငူငူငိုင်ငိုင်။
" ကဲကဲ နောက်ဆုံးရက်လေးမှာ စိတ်မကောင်းစရာတွေ ဘေးဖယ်ထားကြရအောင်... အခု အကုန်လုံးက အသက်တွေပြည့်ကုန်ကြပြီဆိုတော့ ဘာမှမတွေးဘဲ ပျော်ပျော်ကြီး အမူးသောက်ပြီး မှောက်ကြရအောင်"
ဂျီဝူး hyeong ရဲ့အပြောမှာ အကုန်လုံးကထောက်ခံလာကြကာ အိပ်ခန်းထဲမှာပဲ သောက်စားဖို့ရာပြင်ကြတော့သည်။
ဆိုဂျူး ပုလင်းများအား အလယ်တွင်ထားကာ ပတ်လည်ဝိုင်းပြီးစုထိုင်လိုက်ကြ၏။ စကားတို့ကဆိတ်သုန်းနေကြကာ ဘယ်ကစလို့စရမှန်းမသိ။
" ဘယ်ကနေ စပြောရမှန်းကိုမသိတော့ဘူး..."
စကားပြောကောင်းသူ ဆောင်းဟန်ဘင်းရဲ့ ခေါင်းငိုက်စိုက်ကာပြောလာသည့်စကား။ ကျန်းဟာအိုကတော့ ဟန်ဘင်းရဲ့လက်တို့အားဆုပ်ကိုင်ရင်း လက်မလေးဖြင့် ဟန်ဘင်းလက်တို့ပေါ်စုန်ချည်ဆန်ချည် ပြေးလွှားနေရင်းပြောစရာ စကားလုံးများ စီကုံးနေဟန်။
မျက်နှာချင်းဆိုင်အနေအထားမှာရှိနေသည့် ယူဂျင်းမျက်နှာလေးအား ခပ်ဆွေးဆွေးငေးမောကြည့်နေသူက ဂယူဘင်း။ အပြည့်အဝငေးမောခွင့်တော့မရ။ တချိန်လုံး တမံသလင်းကိုသာခေါင်းငိုက်စိုက်ကြည့်ကာ အရှေ့ဆံပင်များက မျက်လုံးအထိ အုပ်ကျနေသည်မို့ ကြည့်ရတာအားမရနိုင်။ ထိုဆံပင်တို့အား ဖယ်ရှားပေးချင်နေမိသည်။