Ep -1

605 21 2
                                    

Unicode>>

ညနေခင်းမှာ ချစ်ရသူနဲ့ ဆိုင်ကယ်အတူတူစီးရသောခံစားချက်သည် ချက်ချင်းလက်ငင်း နိဗ္ဗာန်ရောက်သွားသလိုလို ။
လေပြည်အေးအေးလေးက ဗြူကင်း ၏ နှလုံးသည်းပွတ်လေးအား ဖြတ်တိုက်သွားတဲ့အခိုက် ချိုချိုမွှေးမွှေး ရနံ့လေးက ဗြူကင်းအနားတွင် တဝဲလည်လည်။ သူ၏ နှလုံးသည်းပွတ်လေးဆီမှလာသော ကိုယ်သင်းနံ့သင်းသင်းကလေးပင်ဖြစ်တော့သည် ။
ဤနေရာ၌ ဗြူကင်း၏ နှလုံးသည်းပွတ်လေးဆိုသည်မှာ အခြားအရာ အခြားသူမဟုတ် ။ ပီပီခရစ် ဆိုသည့် သက်ရှိပန်းပုရုပ်လေးပင်ဖြစ်သည် ။ အသားအ​ရေဖြူဖြူကြည်ကြည်ကလေးသည် မြင်ရသူတိုင်း ရင်အေးစေသည် ။ မျက်တောင်ရှည်တို့ဝန်းရံထားသည့် မျက်ဝန်းလှလှလေးနှင့် တစ်ခဏမျှ အကြည့်ချင်းဆုံလျှင် ခွန်ဗြူကင်း၏ ရင်တွင်းရှိအကောင်ငယ်သည် ထိန်းမရအောင် သောင်းကျန်းလေသည် ။

ပီပီခရစ်သည် ဗြူကင်းထက် အသက်အရွယ်အားဖြင့်ကြီးသော်လည်း လူကောင်လေးသည် သေးသေးလေးသာဖြစ်တော့သည် ။ သို့ဖြစ်၍ ဗြူကင်း၏ရင်ခွင်ကျယ်သည် ကိုကိုသေးသေးလေးအား မြုပ်နေသည်အထိ ထည့်ဖက်ထားလို့ရ၏ ။ ဖက်ထားခွင့်လည်းရချင်ပါ၏ ။ ဖက်လည်းဖက်ထားချင်ပါသည် ။
ဤနေ့က ဗြူကင်း၏ အားလပ်ရက်ဖြစ်သောကြောင့် ကိုကို့အား ပူဆာကာ နှစ်ယောက်သား လျှောက်လည်နေခြင်းဖြစ်သည် ။ နေဝင်ချိန်ကို ကြည့်ရန် နှစ်ယောက်လုံးသဘောကျသောကြောင့် မြို့၏ ကမ်းစပ်တစ်နေရာကို ရောက်ရှိနေသည်။
ကိုကိုနှင့် ဗြူကင်းသည် ညနေ ၅နာရီကတည်းက ဤနေရာသို့ ရောက်ရှိနေ၍ ယခုအချိန်မှာ ၆နာရီထိုးခါနီးပင်ဖြစ်သည် ။ သို့သော် ယခုအချိန်ထိ ကိုကို့ဆီမှ စကားသံထွက်ပေါ်မလာသေးပေ ။ ဗြူကင်းအနေနဲ့တော့ ကိုကို ငြိမ်သက်ချင်လျှင် ဗြူကင်း ငြိမ်သက်ပေးလိုက်မည် ။ ကိုကို စကားပြောချင်လျှင်တော့ ဗြူကင်း ကိုကို့ကို အဖော်လုပ်ပေးမည်ဖြစ်သည် ။

ဗြူကင်း၏ စိတ်ဆန္ဒသည် ကိုကိုနှင့်သာသက်ဆိုင်နေသည် ။ ဗြူကင်း၏ ကိုယ် စိတ် နှလုံး သုံးပါးလုံးအား ပီပီခရစ်ဆိုသည့် လူသားထံတွင်သာ ပုံအပ်ထားသည် ။ ပီပီခရစ်၏ မျက်တောင်ရှည်တွေအား ငေးမောနေသောတစ်ခဏ၌ ပီပီခရစ်ဆီမှ စကားစလာခဲ့၏။

ONEWhere stories live. Discover now