Ep-2

208 13 2
                                    

Unicode>>

ထိုနေ့ညနေခင်းက တစ်ယောက်သောသူအား ကြည့်နေရင်းဖြင့်သာ အချိန်ကုန်ခဲ့သည်။
ဗြူကင်း နှင့် ပီပီခရစ်သည် အသက်နှစ်နှစ်ကျော်မျှကွာသည်။ ဗြူကင်း၏ မိခင်နှင့် ပီပီခရစ်၏ မိခင်သည် အထက်တန်းကတည်းက တစ်ကျောင်းထဲတက်ခဲ့ကြသော သူငယ်ချင်းအရင်းအချာများသာဖြစ်သည် ။ အိမ်ထောင်ကျသည့်အချိန်တွင်လည်း စီးပွားရေးနယ်ပယ်တစ်ခုထဲက လုပ်ငန်းရှင်နှစ်ယောက်နှင့်သာ အိမ်ထောင်ကျခဲ့သည် ။ သူငယ်ချင်းနှစ်ယောက်မှာ အရမ်းချစ်ကြသောကြောင့် အိမ်ချင်းကပ်ရပ် ဝယ်ယူနေထိုင်ရန် စီစဥ်ခဲ့ပါသော်လည်း အဆင်မပြေမှုတစ်ခုကြောင့် လမ်းချင်းကပ်ရပ်သာနေထိုင်ခဲ့ရသည် ။

ဗြူကင်းသည် ငယ်စဥ်ကတည်းက သူ၏ မိခင်နှင့်အတူ ပီပီခရစ်၏ နေအိမ်သို့ အမြဲတစေလိုက်ပါသွားတတ်၏ ။ ကိုကိုသည် ငယ်စဥ်ကတည်းက အေးတိအေးစက်နိုင်သော ရေခဲလူသားပင်ဖြစ်တော့သည် ။ ဗြူကင်းလို စကားအရမ်းများသော ကလေးတစ်ယောက်အဖို့ ကိုကို့ရဲ့ တိတ်ဆိတ်မှုသည် ပျင်းစရာကောင်းနေသည် ။ သို့သော် ကိုကိုသည် သူနှင့် အမြဲဆော့ပေးသည် ။ သူ့အားအဖော်လုပ်ပေးသည် ။ ကလေးဘဝအရွယ်တွင် ဗြူကင်း ကိုကို့အားမေးခွန်းတစ်ခုမေးခဲ့ဖူးသည် ။
" ကိုကို "
ကိုကိုသည် ခေါင်းငြိမ့်ရုံသာငြိမ့်ပြသည် ။
" ကိုကိုက လူတွေနဲ့ စကားပြောရမှာ မုန်းတာလားဟင် ဗြူကင်းနဲ့ရော စကားမပြောချင်ဘူးလား ဗြူကင်းက ချစ်ဖို့မကောင်းလို့လား ဟင် "
ဗြူကင်းပေါက်စလေးသည် ထိုကဲ့သို့ စကားများပါသော်လည်း သူ၏ ကိုကိုသေးသေးလေးဆီမှ မည်သည့်စကားသံမျှ ထွက်မလာပေ ။
ထိုအခိုက် ဗြူကင်းသည် ကလေးစိတ်ဖြင့် သူ၏ ကိုကိုမှာ သူ့အားစကားမပြောချင်ဟုထင်၍ ထငိုလေသည် ။ ဗြူကင်း၏ ငိုယိုသံမှာ အလုပ်ဖြစ်ဟန်တူသည် ။ ကိုကိုသေးသေးလေးမှာ စတင်၍ လှုပ်လှုပ်ရှားရှားဖြစ်လာတော့သည် ။

ပီပီခရစ်သည် ထိုပေါက်စလေးအား စကားမပြောချင်၍မဟုတ် ။ သူကိုယ်တိုင် အေးအေးဆေးဆေးနေချင်၍သာဖြစ်သည် ။ သူ့အားစကားဆယ်ခွန်းပြောလျှင် တစ်ခွန်းလောက်သာ ပြန်ပြောတတ်သည့် သူ့အ​ကျင့်ကြောင့် ထိုကလေးငယ်အား လျစ်လျူရှုထားမိသည် ။ မကြာပေ ။ ထိုကလေးငယ်သည် အော်သံစူးစူးလေးနှင့် စတင်ငိုလေသည် ။
ပါးဖောင်းဖောင်းလေးမှာ ထိလိုက်လျှင်ပင် ပဲ့ပါသွားတော့မယောင် နီရဲနေသည် ။ မျက်ရည်များရွှဲနေသော မျက်ဝန်းဝိုင်းဝိုင်းကလေးနှင့် ချစ်စရာအကောင်ငယ်လေးသည် အသဲယားစဖွယ် ။ သူသည် မည်သည့်အရာ မည်သူ့ကိုမျှ ဂရုမစိုက်ပါသော်လည်း ထိုကလေးငယ်၏ ငိုသံအား လျစ်လျူမရှုနိုင်တော့ပေ ။
" တိတ်တော့ ဘာလို့ ငိုနေတာလဲ ကလေး "
" ကိုကိုက ဗြူကင်းကို စကားမပြောချင်ဘူးလေ အဲ့တော့ ဗြူကင်းက ဝမ်းနည်းသွားတာ "
" ငါ မင်းကို စကားမပြောချင်လို့မဟုတ်ဘူး အေးအေးဆေးဆေး နေချင်လို့ မင်းပြောတာကို လျစ်လျူရှုမိတာ ငါတောင်းပန်တယ်နော် "
ကလေးပေမယ့် ပီပီခရစ်သည် သူ့ကြောင့် တစ်ပါးသူ ငိုသွားသည်ဖြစ်၍ တောင်းပန်လိုက်သည် ။ ထိုတောင်းပန်မှုသည် ဝတ်ကျေတန်းကျေမဟုတ်ဘဲ ရင်ထဲမှလာသည့် စိတ်ရင်းသာဖြစ်တော့သည် ။

ONEWhere stories live. Discover now