The Moon Is Coming To Me (Chapter-41.1)
HannaFebruary 26, 2023
The Moon Is Coming To MeChapter-41
ထောင်ရှီးက နေ့စဉ်စကားပြောလေ့ကျင့်ရေးကို စလုပ်ခဲ့သည်။ လင်ချင်းဟယ်က သူ့အတွက် အင်္ဂလိပ်စာအုပ်များ၊ ဆောင်းပါးများကိုဖတ်ကာ အသံဖိုင်သွင်းပြီး ပို့ပေးသည်။ ထိုအခါ သူက ထိုအသံဖိုင်များကို ဖုန်းမှတစ်ဆင့်နားထောင်ပြီး လင်ချင်းဟယ်၏အသံထွက်နှင့် လေယူလေသိမ်းအတိုင်း အတုယူကာ လိုက်ရွတ်ကြည့်သည်။
သူက မနက်တိုင်းစောစောထပြီး ကန်တင်း၌ မနက်စာကိုခပ်သွက်သွက်စားကာ ကျောင်းဂိတ်ပေါက်နှင့် အနီးဆုံးရှိ ဘတ်စကတ်ဘောကွင်းသို့ သုတ်ခြေတင်ပြေးသည်။ ဒီဇင်ဘာလ၏ ခိုက်ခိုက်တုန်အောင်အေးသော မနက်ခင်းလေညှင်းကြားတွင် သူ နာရီဝက်ခန့် စကားပြောလေ့ကျင့်သည်။
ထောင်ရှီးက နာရီကိုတစ်ချက်ကြည့်ကာ အင်္ဂလိပ်အဘိဓာန်စာအုပ်ကိုင်လျက် ဘတ်စကတ်ဘောကွင်းထဲမှ ကျောင်းဂိတ်ပေါက်ဆီသို့ ထွက်လာခဲ့သည်။ လင်ချင်းဟယ်က မိနစ်ပိုင်းအတွင်း ရောက်လာလိမ့်မည်။ သူက လုံခြုံရေးအစောင့်၏ရုံးခန်းဘေးတွင် မတ်တပ်ရပ်လျက် စာအုပ်ထဲမှ စာလုံးများကို ခေါင်းတငုံ့ငုံ့နှင့် ကျက်မှတ်နေသည်။
အလွန်ခက်သည့် စာလုံးတစ်လုံးကို ကျက်မှတ်နေချိန်တွင် ထောင်ရှီး၏အရှေ့မှမြင်ကွင်းက ရုတ်တရက် မည်းမှောင်သွားပြီး သူ့လည်ပင်းကို နူးညံ့သောအရာတစ်ခုဖြင့် လွှမ်းခြုံလိုက်သည်ကို ခံစားလိုက်ရသည်။ သူက ထိုအရာကိုဖယ်ပြီး မော့ကြည့်လိုက်ရာ သူ့အား အပြုံးတစ်ပွင့်နှင့် ငုံ့ကြည့်နေသည့် လင်ချင်းဟယ်ကို တွေ့လိုက်ရသည်။
ထောင်ရှီးက အောက်ပြန်ငုံ့ကြည့်လိုက်ရာ သူ့လည်ပင်းပေါ်တွင် အနက်ရောင် ဆိတ်မွေးမာဖလာလေးတစ်ခု ပတ်ထားလျက်သားရှိနေကြောင်း တွေ့လိုက်ရသည်။ မာဖလာလေးမှာ လင်ချင်းဟယ်ထံမှ အနွေးဓာတ်လေးပင် ကျန်ရှိနေဆဲဖြစ်ပေ၏။
လင်ချင်းဟယ်က လက်ဆန့်၍ မာဖလာလေးကို သေချာပြန်ပြင်ပေးလိုက်ပြီး ထောင်ရှီး၏လည်ပင်းတွင် တင်းတင်းကြပ်ကြပ်ပတ်ပေးလိုက်သည်။ ထို့နောက် သူ၏မျက်လုံးတောက်တောက်များကို ကြည့်ရင်း ပြောသည်။