Part (11)

15 3 0
                                    

ထိုက်ဟုန်စစ်က သူတို့ရုံးရဲ့ ဘုံပိုင်ဆိုင်မှု ဖြစ်သည့် cafe သို့ ခွန်းယံကို ခေါ်လာသည်။

"ညစာစားရမယ့် အချိန်ကြီးကို ဘာလို့ ဒီကိုလာတာလဲ"
ထိုက်ဟုန်စစ် တံခါးသော့ကို ဖွင့်နေစဉ် ခွန်းယံက သံသယဖြင့် မေး၏။

ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည့်အပြင် မှောင်ပိန်းပြီး လူတစ်ယောက်မှ မရှိတဲ့ cafe ထဲကို ထိုက်ဟုန်စစ်လိုမျိုး သရုပ်မှန်ကို ဖုံးကွယ်ထားတဲ့ သူနဲ့အတူ ဝင်သွားရလောက်တဲ့အထိ သူ အဆင်အခြင်မမဲ့ပါ။
အခုတလောဖြစ်နေတဲ့ မြို့ထဲက မှုခင်းတွေအကြောင်းတွေးမိရင် အဆောင်ကနေ ထွက်လာခဲ့တာကို နောင်တရ စပြုလာသည်။

သူ့ သဘောနဲ့ သူ လိုက်လာပြီးမှ လွန်ကဲစွာ သတိထားနေသည့် ခွန်းယံရဲ့ ပုံစံကြောင့် ထိုက်ဟုန်စစ်ကို ပိုပြီး စနောက်ချင်စိတ်ပေါ်လာသည်။

သို့သော်လည်း အခုချိန်မှာ ထိုလူသားကို ခြောက်လှန့် သလိုဖြစ်သွားရင် နောက်ပိုင်း ဘယ်လိုနည်း သုံးသုံး ပြေလည်အောင် ညှိနှိုင်းလို့ရတော့မှာ မဟုတ်တာမို့ စနောက်ချင်စိတ်ကို ချုပ်ထိန်းပြီး ဆိုင်သော့ကို ဂျက်ကတ် အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။

"အဲ့ဒါဆို မင်းပဲ ညစာစားရင်း အေးအေးဆေးဆေး စကားပြောလို့ရမယ့် နေရာရှာပေးလေ "

အဆောင်ဝန်းထဲမှာ ကန်တင်းရှိပေမယ့်လည်း ကျောင်းသားများက ညစာအတွက် ကျောင်းဝန်းအပြင်ဘက်က ညဈေးတန်းကို သွားကြတာများသည်။

တက္ကသိုလ်စဖွင့်ချိန်ကစလို့  ညဈေးကလည်း စည်ကားလာခဲ့သည်။
ဈေးတန်းကလည်း ရှည်ပြီး နေရာတိုင်းမှာ  လမ်းဘေးအစားအစာဆိုင်များနှင့် စားသောက်ဆိုင်ပေါင်းစုံရှိသည်။
အင်တာနက်က‌ဖေးနဲ့ သီချင်းဆိုခန်းတွေကလည်း မနည်းတာကြောင့် ညနေစောင်းလောက်ဆိုရင် ညဈေးတန်းက လူစည်နေပြီဖြစ်သည်။

အခုနောက်ပိုင်း ‌မြို့တွင်းက လူသေ၊လူပျောက်မှုတွေကြောင့် သာမန်လူတွေက ညပိုင်းဆို အပြင်သိပ်မထွက်ကြသော်လည်း ညဈေးတန်းက လက်လုပ်လက်စားသမားများကတော့ အိမ်ထဲမှာချည်း အောင်းနေဖို့ မဖြစ်နိုင်ပေ။

VEILS OF MINZARIWhere stories live. Discover now