Part (31)

6 0 0
                                    

ထိုလူက ခေါင်းတလားအား ညီညာခြင်းမရှိသည့် မြေပြင်တွင် မိနစ်အချို့ကြာအောင် တရွတ်တိုက်ဆွဲသွားခဲ့သည်။

အမှောင်ထုထဲတွင်ရှိနေသည့် ခွန်းယံ၏ အာရုံထဲမှာ ပတ်ဝန်းကျင်က မြင်ကွင်းများကို အလိုလိုမြင်လာရသည်။ အိပ်မက်မက်နေသည့် ပမာ သူသည် အဖြစ်အပျက်အလုံးစုံကို ဘေးလူတစ်ယောက်ကဲ့သို့ သိမြင်နေရ၏။

အိပ်မက်တစ်ခုဟူသည့် အသိဖြင့် နိုးထဖို့ အစွမ်းကုန် ကြိုးပမ်းပါသော်ငြား သူ၏ မသိစိတ်ထဲမှ တစ်စုံတစ်ရာက အဖြစ်အပျက်အလုံးစုံကို ကြည့်ဖို့ ဖိအားပေးနေသည့်နှယ် ဘယ်လိုမှ ရုန်းထွက်၍ မရနိုင်ချေ။

ဒီ မြင်ကွင်းများကို ဘယ်လိုမှ အဆုံးမသတ်နိုင်သည်မို့ ခွန်းယံသည် သူ့အားဆွဲခေါ်လာသည့် လူ၏ မျက်နှာကိုပဲ ဖြစ်ဖြစ် မြင်ကြည့်ဖို့ ကြိုးစား၏။ မည်သို့ပင် ကြိုးစားပါစေ ထိုလူ၏ မျက်နှာက ဝေဝါးနေပြီး သူ့မြင်ကွင်းထဲတွင်ပေါ်မလာခဲ့။ သို့ပေမယ့် သူ့အာရုံထဲတွင် မြင်နေရသည့် ထိုလူ၏ ဝတ်စားဆင်ယင်ပုံမှာ အဆင့်အတန်းမြင့်သည့် ပုံစံမျိုးဖြစ်ပြီး ဒီလို တောကြိုအုံကြားမှာ နေထိုင်သည့် သူနှင့် နည်းနည်းမှ မတူပေ။

အစက ခွန်းယံသည် ဒေါက်တာငြိမ်းသူရဟု သံသယရှိခဲ့သော်လည်း ထိုလူ၏ ခန္ဓာကိုယ်အချိုးအစားနှင့် အသံအရ ဒေါက်တာငြိမ်းသူရထက် ပို ငယ်ရွယ်မည်ဟု ယူဆရသည်။

လူငယ်သည် ခေါင်းတလားအား သစ်ပင်ချုံများ ဖုံးလွမ်းနေသည့် အလွန်ချောင်ကျသည့် နေရာတစ်ခုဆီ ဆွဲယူသွားသည်။ ထို့နောက် မည်သူမျှ မမြင် နိုင်လောက်သည့် နေရာရှိ ကောက်ရိုးဖြင့် အမိုးမိုးထားကာ ဘေးဘက်နံရံ များအား ထံရန်ပြားနှင့် ကာထားသည့် တဲငယ်တစ်ခုထဲသို့ ယူဆောင်လာသည်။

တဲတစ်ခုလုံးမှာ ပစ္စည်းပစ္စယတွေ ခွက်ပလုံးနှင့် သုံးပြီးခါစ ဖယောင်းတိုင် အမွှေးတိုင် အတိုအစနှင့် တိရိစ္ဆာန် အသေကောင်များ အရိုးများသည် နေရာအနှံ့ ပြန့်ကျဲလျက် ခြေချဖို့ပင်နေရာမရှိချေ။ နံရံနှင့် ကြမ်းပြင်တွင်လည်း အနီရောင် အနက်ရောင် သွေးကွက် အကွက်အစက်များက စွန်းထင်းနေသည်။
မသတီစရာ မြင်ကွင်းကြောင့် ခွန်းယံ မျက်စိကိုတင်းတင်းမှိတ်ထားပါသော်လည်း ထိုမြင်ကွင်းကို မြင်နေရဆဲ ဖြစ်သည်။

VEILS OF MINZARIDove le storie prendono vita. Scoprilo ora