Part 2(Unicode)

3.6K 309 16
                                    

" သမီးဒီနေ့ အလုပ်ထွက်လာခဲ့ပြီ ပါးပါး "

အိမ်ပေါက်ဝကနေ ၀င်ဝင်ချင်းလှမ်းပြောလိုက်တော့ သူမ၏မွေးစားဖခင်ဟာ သဘောကျစွာရယ်မောပြီး ဆီးကြိုပွေ့ဖက်ပေးသည်။

" ဆိုးဝါးလွန်းတဲ့ အလုပ်ရှင်လက်အောက်ကနေ လွတ်မြောက်လာတဲ့အတွက် ဂုဏ်ယူတယ် ငါ့သမီး။ နေဦး .. ဒီည ပါးပါးတို့ ဂုဏ်ပြုညစာစားပွဲလေး ကျင်းပသင့်တယ် မဟုတ်လား .. "

အသက် ၅၀ ကျော်သာရှိသေးပြီး မှုတ်ဆိတ်မွှေးအရှည်ကြီးတွေနဲ့ ဥပတိရုပ်ကြည့်လို့ကောင်းသော သူ့အဖေဟာ သူ့ကိုအိမ်ပေါ်ထပ်သို့တက်သည့် လှေခါးနားသို့ ဆွဲခေါ်လာ၏။

" မြန်မြန်ရေသွားချိုးပြီး ဆင်းလာခဲ့တော့။ ပါးပါးအခု အောက်ကဂိုထောင်ထဲဆင်းပြီး အကောင်းဆုံးဝိုင်ပုလင်းတစ်လုံးကို သွားယူလိုက်ဦးမယ်။ ခဏနေတွေ့ကြစို့ ကောင်မလေးရေ "

မွေးစားဖခင်ဟာ သူမရဲ့နဖူးကို ညင်သာယုယစွာ လာနမ်းရှိုက်ပေးပြီး အိမ်ပေါ်ထပ်သို့ အတင်းတွန်းပို့လေတော့သည်။ ထို့ကြောင့်သူမလည်း ရယ်ရယ်မောမောနဲ့ အိမ်ပေါ်ထပ်သို့တက်၍ အ၀တ်အစားလဲလှယ်ပြီး ရေချိုးလိုက်သည်။ အဖြူရောင်ကြွေရေချိုးကန်ကြီးထဲမှာ ရေခဏစိမ်နေရင်း မျက်လုံးလေးကို ခေတ္တမျှမှိတ်ထားမိသည်။ အတွေးထဲမှာ ဟိုးအရင်အတိတ်က ပုံရိပ်လေးတွေက ၀ိုးတ၀ါးပြန်လည်မြင်ယောင်လာသည်။ သရက်ပင်ကြီး ၂ ပင်နှင့်အတူ၊ စံပယ်ရုံများ၊ နှင်းဆီပင်များနှင့်၊ ခရေပင်ကြီးတို့ဖြင့် အင်မတန်မှ ချစ်စဖွယ်ကောင်းလှတဲ့ ခြံကျယ်ကြီးတစ်ခြံကို ပြန်မြင်ယောင်လာသည်။ ထိုခြံကြီးရှေ့ကနေ ဖြတ်လျှောက်ပြီး ပန်းရောင်းရတာကို သူမနှစ်သက်၏။ ခက်ခဲကြမ်းတမ်းလွန်းတဲ့ အချိန်တွေကို ဖြတ်ကျော်ခဲ့ရပေမဲ့လို့ ထိုအချိန်တုန်းက သူမနေပျော်ခဲ့ပါသည်။ ထိုအချိန်အကြောင်းကို ပြန်စဉ်းစားမိလိုက်တိုင်း၌ သူမရင်ခုန်မိ၏။

ရေချိုးခန်းထဲကနေ တဘက်အရှည်ကြီးပတ်ပြီး ထွက်လာလိုက်သည်။ ခုတင်ထောင့်စွန်းလေး၌ ထိုင်ချလိုက်တဲ့အချိန်မှာတော့ သူမရဲ့အကြည့်တို့က စာကြည့်စားပွဲခုံပေါ်တွင်တင်ထားသော ဓာတ်ပုံဟောင်းလေးတစ်ပုံဆီသို့ ရောက်ရှိသွားခဲ့ပါသည်။ ထိုဓာတ်ပုံလေးထဲတွင် သူမဟာ ၇ နှစ်အရွယ်သာရှိသေးတဲ့ ကလေးငယ်လေးအဖြစ်နဲ့ပေါ့။ သူမရဲ့နံဘေးမှာရပ်နေသည့် ၁၆ နှစ်အရွယ်မိန်းမပျိုလေးတစ်ဦးကတော့ ... ။

ချစ်ခြင်းရှိရာသို့Where stories live. Discover now