" ဆေးသောက်ရဦးမှာဆိုတော့ အစာဝင်မှဖြစ်မယ်။ ဘာစားချင်တာရှိလဲ ? "အိမ်ရှေ့မှာ စက်ဘီးလေးထိုးရပ်လိုက်ပြီး ဘေးသို့အသာအယာဆင်းလိုက်ရင်းနဲ့ သိင်္ဂီ အနောက်လှည့်မေးလိုက်သည်။
" ရပါတယ် .. အိမ်မှာနွားနို့ဘူးတစ်ဘူးရှိတယ်။ အဲ့ဒါနဲ့သောက်လိုက်ပါ့မယ် "
" အိုး .. နွားနို့တစ်ခုတည်းနဲ့ ဘယ်ရမှာလဲ။ နေပါဦး အစ်မတစ်ခုခုကြည့်စီစဉ်ပေးမယ်။ အခုလောလောဆယ်တော့ အိမ်ထဲဝင်ပြီး နားနေလိုက် .. ခဏနေ လာခဲ့မယ် "
" ဟုတ် ... ဒါဆို ရေ့စ် အပေါ်ထပ်က အိပ်ခန်းမှာပဲ တန်းပြီးဝင်နားလိုက်တော့မယ်နော်။ အရမ်းနုန်းချိနေတာမို့လို့ "
" အင်း အင်း ... သက်တောင့်သက်သာရှိတဲ့နေရာမှာပဲ လှဲနေ။ အစ်မအခုလာခဲ့မှာ မကြာဘူး "
ဂရေ့စ်လည်းပြောထားသည့်အတိုင်း အပေါ်ထပ်သို့တန်းတက်ပြီး အိပ်ခန်းထဲတွင် လှဲအိပ်နေလိုက်သည်။ ဆေးထိုးထားတဲ့အရှိန်ရယ် ဖျားနေသည့်အရှိန်ရယ်ကြောင့် ခဏလေးအတွင်းမှာပဲ ဂရေ့စ် အိပ်မောကျသွားခဲ့၏။
သိင်္ဂီ ကတော့စက်ဘီးလေးစီးကာဖြင့် ဂရေ့စ် အတွက်ဆိုပြီး လမ်းထိပ်မှာရှိတဲ့ တရုတ်စားသောက်ဆိုင်လေးမှာ ဆန်ပြုတ်တစ်ပွဲသွားဝယ်လေသည်။ ထို့နောက်အဆင်သင့်စားလို့ရအောင် ကြွေပန်းကန်လုံးထဲထည့်ပြီးမှ သိင်္ဂီ အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။ အပေါ်ထပ်အိပ်ခန်းတံခါးက ဖွင့်ထားတာကြောင့် တံခါးခေါက်စရာ မလိုခဲ့ပါ။ သိင်္ဂီ ရောက်လာတော့ ဂရေ့စ် ကခုတင်ပေါ်မှာ စောင်လေးခြုံထားပြီး ကွေးကွေးလေးအိပ်ပျော်နေလေပြီ။ အိပ်ပျော်နေတဲ့ ဂရေ့စ်ကို သိင်္ဂီလည်းမနှိုးရက်တာကြောင့် ဆန်ပြုတ်ထည့်လာသည့်ကြွေပန်းကန်လုံးကို ဘေးက စာကြည့်စားပွဲပေါ်သို့တင်လိုက်ပြီး အရှေ့မှာရှိတဲ့ ကုလားထိုင်ပေါ်၌ ထိုင်ဖို့ဟန်ပြင်လိုက်၏။ သို့ပေမဲ့ စာကြည့်စားပွဲပေါ်မှာထောင်ထားတဲ့ ဓာတ်ပုံမှန်ဘောင်လေးအတွင်းမှ ဓာတ်ပုံလေးတစ်ပုံပေါ်သို့ သိင်္ဂီ အကြည့်ရောက်သွားခဲ့ပါသည်။ ၇ နှစ်အရွယ်ကလေးမလေးတစ်ယောက်နှင့် ၁၇ နှစ်အရွယ်ကောင်မလေးတစ်ယောက်တို့ တစ်ယောက်ကိုတစ်ယောက်ဖက်ထားကြပြီး ပြုံးရွှင်နေကြသည့် ထိုဓာတ်ပုံကိုမြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် သိင်္ဂီယဉ်မင်းရဲ့မျက်ဝန်းတစ်စုံဟာ ချက်ချင်းပင်ပြူးကျယ်ဝိုင်းစက်သွားခဲ့လေသည်။

YOU ARE READING
ချစ်ခြင်းရှိရာသို့
Romanceငယ်စဥ်အချိန်ကတည်းက တွယ်ငြိခဲ့တဲ့ သံယောဇဥ်နွယ်ကြိုးလေးတစ်ချောင်းက အချိန်ကြာမြင့်သွားသည့်တိုင်အောင် ခိုင်မြဲစွာ တည်ရှိနေဆဲပင်။ #Moe #JE_Rain