Part 1(Unicode)

8.3K 454 9
                                    

ပြင်သစ်နိုင်ငံ၊ Paris မြို့တော်ရဲ့ မနက်ခင်းတစ်ခုဟာ နေရောင်ခပ်ဖျဖျလေးမျှသာ။ Paris မြို့တော်ရဲ့ ဂန္ဓာဝင်မြောက်လှတဲ့ Champs-Élysées လမ်းမကြီးဟာလည်း ကားများ၊ လူများဖြင့် ရှုပ်ထွေးစည်ကားလျက်ရှိသည်။ ထိုလမ်းမကြီးရဲ့ လူသွားလမ်းတစ်နေရာမှာတော့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ လက်ထဲတွင်များပြားလှသည့် အထုပ်အပိုးတွေကို ကိုင်ဆောင်ထားရင်း လူအုပ်ကြားထဲ၌ တိုးဝှေ့သွားလာနေရသည်။ ယခုမှအေးမြတဲ့ မနက်ခင်းသာရှိသေးသော်လည်း သူမကတော့ တစ်ကိုယ်လုံးချွေးများဆို့နေချေပြီ။

" အို့ တောင်းပန်ပါတယ် .. "

အလျင်စလိုတိုးဝှေ့သွားလာနေရသည်မို့ တချို့လူတွေနဲ့တိုက်မိသွားတာကြောင့် သူမရဲ့နှုတ်ကနေ တောင်းပန်စကားပြောဆိုနေရသည်မှာလည်း အကြိမ်ကြိမ်ပင်။ သူမဟာ လမ်းကြားတစ်ခုသို့ ချိုးဝင်လိုက်ပြီးနောက် ခမ်းနားလှပစွာတည်ရှိနေသော ၆ ထပ်တိုက်ကြီးတစ်ခုအတွင်းသို့ အပြေးအလွှားဝင်ရောက်ခဲ့ရလေသည်။ ဓာတ်လှေကားရှိရာဆီ အမြန်ဆုံးပြေးသွားပါသော်လည်း ဓာတ်လှေကားတံခါးက ပိတ်သွားပြီး မမီလိုက်တော့။ ထို့ကြောင့် အားမာန်အပြည့်နဲ့ လှေခါးကနေသာ ပြေးတက်ခဲ့ရတော့သည်။

" ငါဟာလေ အမြဲကံကို မကောင်းဘူး .. "

နှုတ်ကနေ ခပ်တိုးတိုးလေးရေရွတ်ပြီး တက်လာခဲ့လိုက်တာ အပေါ်ဆုံးထပ်သို့ ရောက်ချေပြီ။ နဖူးမှာ ချွေးစက်များစီးကျလျက်ရှိသလို ခန္ဓာကိုယ်ဟာလည်း ချွေးများ စိုရွှဲလို့ပင်။

" ဒေါက် ဒေါက် .. "

အသက်တောင်မရှုအားပဲ အခန်းတံခါးခေါက်လိုက်ရင်း

" ကျွန်မ ၀င်လာပြီနော် "

လေသံကိုမြှင့်ပြောလိုက်ပေမဲ့ နှုတ်ဖျားမှ ထွက်ကျသွားတဲ့ စကားတစ်ခွန်းဟာ မောဟိုက်နေသံ ပေါ်လွင်လွန်းလှပါသည်။

အခန်းတံခါးကို တွန်းဖွင့်ပြီး ၀င်ရောက်လိုက်ချိန်မှာတော့ သူမ အကြောက်ရဆုံးပုဂ္ဂိုလ်၊ တစ်နည်းအားဖြင့် သူမ အမုန်းဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ အသက် ၄၉ နှစ်အရွယ်ခန့်ရှိသည့် ပြင်သစ်သူကြီး Camille ကိုမြင်တွေ့လိုက်ရလေပြီ။ ထိုအမျိုးသမီးကြီးဟာ ထုံးစံအတိုင်းပဲ မျက်မှောင်ကြီးကြုတ်၍ အခန်းထဲဝင်လာတဲ့ သူမကို စူးစိုက်ကြည့်နေသည်။ ထိုပြင်သစ်သူကြီးဟာ အရုပ်တစ်ခုမှာ ၀တ်ပေးထားတဲ့ ချုပ်လက်စ ၀တ်စုံတစ်ခုရဲ့ရှေ့တည့်တည့်မှာ ရပ်နေ၏။ လက်ထဲမှာလည်း အ၀တ်စထိုးတဲ့ ပင်အပ်တွေကို ကိုင်ထားသေးသည်။

ချစ်ခြင်းရှိရာသို့Where stories live. Discover now