" ဘဲပေါက်လေးရဲ့ ဆန္ဒကကော ဘယ်လိုလဲဟင် ? ဒေါ်လေးခင်နဲ့အတူ လိုက်သွားချင်လား ဒါမှမဟုတ် ... ဒီမှာပဲ နေခဲ့ချင်လား ? "
အိမ်ရှေ့လှေခါးအဆင်းလေးမှာ ငုတ်တုတ်လေးထိုင်နေသည့် ဘဲပေါက်လေးရဲ့မျက်နှာကို သိင်္ဂီ မရဲဝံ့စွာပဲငေးကြည့်ရင်း မေးလိုက်သည်။ သိင်္ဂီ ရဲ့အသံဟာ အနည်းငယ်တုန်ခါလို့နေပါသည်။ ဘဲပေါက်လေးက သူ့ကိုမျက်ရည်တွေဝိုင်းနေသည့် မျက်ဝန်းတစ်စုံနဲ့ ကြည့်နေရှာသည်။ အတန်ကြာတော့မှ ကလေးကအသံသဲ့သဲ့လေးဖြင့် စကားစပြော၏။
" မမသိင်္ဂီ ကကော ဘယ်လိုဖြစ်စေချင်လဲဟင် ? သမီးကို အန်တီတို့နဲ့အတူ လိုက်သွားစေချင်လား .. ဒါမှမဟုတ် ဒီမှာပဲမမနဲ့အတူတူ နေခဲ့စေချင်လားဟင် ? "
ကလေးကပြန်ပြီးထုတ်တဲ့ မေးခွန်းကို သိင်္ဂီ တော်တော်ကြာတဲ့အထိ ပြန်မဖြေနိုင်ခဲ့ပါ။ သူ့ရင်ထဲမှာ နာကျင်လွန်းလှသည်။ ဝမ်းနည်းလွန်းလှသည်။ သို့ပေမဲ့ ကလေးရဲ့ရှေ့မှာ ထိုအရိပ်အယောင်များကို မချပြရဲ။ သူ့အနေနဲ့ ပြတ်ပြတ်သားသားဆုံးဖြတ်နိုင်မှ ကလေးရဲ့အနာဂတ်က ပိုမိုလှပနိုင်မည်မဟုတ်ပါလား။
" မမ ကတော့ .. မမကတော့ ဘဲပေါက်လေးကို ဒေါ်လေးခင်တို့နဲ့ ထည့်ပေးလိုက်ချင်တယ်။ ဘာလို့လဲဆိုတော့ .. "
ရင်ဘတ်ထဲက နာကျင်မှုကို အံတုထားရင်း ဟန်ဆောင်ပြုံးကာ သိင်္ဂီ ပြောနေမိသည်။ သို့ပေမဲ့ စကားမဆုံးခင်မှာပဲ သူ့အသံတွေက နစ်၍တိမ်ဝင်သွားခဲ့သည်။ ဘဲပေါက်လေးက သူ့မျက်နှာကို ငေးကြည့်နေရှာတော့ သိင်္ဂီ့ခမျာ အားတင်း၍ အတင်းပြုံးရယ်ပြရပြန်သည်။
" ဘာလို့လဲဆိုတော့ .. ဘဲပေါက်လေး ဒေါ်လေးခင်တို့နဲ့ အတူလိုက်သွားရင် နိုင်ငံခြားမှာ ကျောင်းနေရမှာလေ။ မမတို့တွေ မတက်နိုင်ကြတဲ့ နိုင်ငံခြားမှာ ပညာတွေအများကြီးသင်ယူခွင့်ရမှာ .. ။ ပြီးတော့ ပိုပြီး အဆင့်အတန်းရှိရှိနေရလိမ့်မယ်။ အခုဒီမှာ မမတို့နဲ့အတူ နေတာထက်ပိုပြီးတော့ အစားကောင်းတွေလည်း စားရမယ်။ အင်္ကျီလှလှလေးတွေလည်း ပိုရလိမ့်မယ် .. နောက်ပြီး ဘဲပေါက်လေးကို အနိုင်ကျင့်မဲ့ မမခင် မရှိတော့တဲ့အတွက် သရက်ပင်အမြင့်ကြီးပေါ်တက်ပြီး သရက်သီးတွေ ခူးပေးနေစရာလည်း မလိုတော့ဘူးလေ .. "

YOU ARE READING
ချစ်ခြင်းရှိရာသို့
Romanceငယ်စဥ်အချိန်ကတည်းက တွယ်ငြိခဲ့တဲ့ သံယောဇဥ်နွယ်ကြိုးလေးတစ်ချောင်းက အချိန်ကြာမြင့်သွားသည့်တိုင်အောင် ခိုင်မြဲစွာ တည်ရှိနေဆဲပင်။ #Moe #JE_Rain