" မမသိင်္ဂီ လိမ်းဖို့သနပ်ခါး .. "သိင်္ဂီ ရေချိုးပြီး ထဘီရင်လျားဖြင့် အိပ်ခန်းထဲသို့ဝင်လာလိုက်သည်နှင့် ဘဲပေါက်လေးက သနပ်ခါးကျောက်ပြင်နံဘေးမှာ ငုတ်တုတ်လေးထိုင်ရင်း ချစ်စရာအပြုံးလေးဖြင့် ကြိုဆိုနေသည်။ သွေးပေးထားတဲ့ သနပ်ခါးတွေကလည်း ကျောက်ပြင်တစ်ချပ်အပြည့်ပင်။
" အို .. သနပ်ခါးတွေက အများကြီးပါပဲလား "
လက်ထဲကိုင်ထားသည့် မျက်နှာသုပ်ပဝါကို ခုတင်ဘေးကတန်းပေါ်၌ ဖြန့်တင်ရင်း သိင်္ဂီ ပြောလိုက်၏။ ထို့နောက် ဘဲပေါက်လေးထိုင်နေသည့် နံဘေးမှာဝင်ထိုင်လိုက်ပြီး သနပ်ခါးလိမ်းနေစဉ်တွင် ဘဲပေါက်လေးက သိင်္ဂီ့ရဲ့မျက်နှာကို ငေးကြည့်ကာ
" သမီးကြီးလာရင် မမသိင်္ဂီကိုပဲ မင်္ဂလာဆောင်မှာ .. မမကိုပဲယူမယ် "
ထိုကလေးရဲ့စကားကြောင့် သိင်္ဂီ အားပါးတရရယ်လိုက်မိသည်။ ဟိုတလောက အမေ့အသိမိတ်ဆွေရဲ့မင်္ဂလာဆောင်ကိုသွားတော့ ဒီကလေးလေးကိုပါ ခေါ်သွားဖြစ်ခဲ့သည်။ ထိုနေ့က သတို့သားနဲ့ သတို့သမီးတို့ဝတ်ဆင်ကြတဲ့ ဝတ်စုံကိုကြည့်ပြီး ထိုကလေးကအင်မတန်မှ သဘောတွေကျနေခဲ့သည်လေ။ အဲ့နေ့ကတည်းက 'ဟိုမမဝတ်ထားတဲ့ ဝတ်စုံလေးက မမသိင်္ဂီဝတ်ရင် ပိုပြီးတော့လှနေမှာ၊ မမနဲ့ဆိုပိုလိုက်မှာ' လို့တဖွဖွဘေးကနေ ပြောနေခဲ့သည်။ ဒီနေ့ကျတော့ 'မမသိင်္ဂီကိုပဲ မင်္ဂလာဆောင်မှာ'ဆိုပြီးဖြစ်သွားပြန်ကောလေ .. ။ ထိုကလေးလေးကို သိင်္ဂီ သဘောမကျပဲ မနေနိုင်တော့ပါ။ ချစ်စရာအင်မတန်ကောင်းလွန်းလှသည် မဟုတ်ပါလား .. ။
" မင်္ဂလာဆောင်တယ်ဆိုတာ သတို့သားနဲ့ သတို့သမီး .. ယောကျာ်းနဲ့မိန်းမပဲ မင်္ဂလာဆောင်လို့ရတာကွ။ ဘဲပေါက်လေးကော မမကော နှစ်ယောက်လုံးက မိန်းကလေးတွေလေ .. ဘယ်လိုလုပ်ပြီး မင်္ဂလာဆောင်လို့ရမှာလဲ ကလေးလေးရယ် .. "
ထိုအရွယ်က ဘာရယ်မဟုတ် ဤစကားကို သိင်္ဂီ ပေါ့ပေါ့ပါးပါးလေးသာ ပြန်ဖြေပေးခဲ့မိသည်။ သူ့အဖြေစကားကိုကြားပြီးနောက်မှာတော့ ထိုကလေးလေးရဲ့ မျက်နှာက ပြုံးရွှင်နေရာမှ ရုတ်တရက်ညှိုးကျလို့သွားခဲ့၏။

YOU ARE READING
ချစ်ခြင်းရှိရာသို့
Romanceငယ်စဥ်အချိန်ကတည်းက တွယ်ငြိခဲ့တဲ့ သံယောဇဥ်နွယ်ကြိုးလေးတစ်ချောင်းက အချိန်ကြာမြင့်သွားသည့်တိုင်အောင် ခိုင်မြဲစွာ တည်ရှိနေဆဲပင်။ #Moe #JE_Rain