Part 3(Unicode)

3.6K 323 16
                                    

နောက်ဆုံးတော့ ထိုခြံလေးရှေ့သို့ သူပြန်လည်ခြေချနိုင်ခဲ့ပြီ။ သစ်သားတိုင်များဖြင့် ပြုလုပ်ထားတဲ့ ခြံစည်းရိုးလေးရယ်၊ ရှေ့တည့်တည့်မှာစိုက်ထားတဲ့ ပုံနရိပ်ပင်များတန်းစီနေသည့် ထိုခြံဝန်းလေး။ အနီရောင်ပုံနရိပ်ပန်းလေးတွေက အဆုပ်လိုက်ပွင့်နေပြီး အင်မတန်မှ လှပလွန်းသည်။ ခြံထောင့်နားက ခရေပင်ကြီးဆီမှ လေနှင့်အတူပါလာတဲ့ ခရေပန်းရနံ့သင်းသင်းလေးကတော့ ထိုခြံလေးရဲ့ အမှတ်သင်္ကေတပဲဖြစ်၏။

'အရာရာတိုင်းက ဘာမှပြောင်းလဲမသွားသေးပဲကို .. ။ လွမ်းမောစရာတော့ကောင်းသား '

သူမခြံရှေ့မှာရပ်ပြီး စိတ်ထဲကနေ အတိတ်ကိုအမှတ်တရဖြင့် လွမ်းဆွတ်နေမိသည်။ ရင်ခုန်ကြည်နူးခြင်းတို့က သူမရဲ့စိတ်ထဲမှာ ပြည့်နှက်စွာရှိနေ၏။ နှာခေါင်းထဲမှာ ရှုရှိုက်နေရသည့် သင်းရနံ့တို့ကပင် အတိတ်ကို အမှတ်ရစေပါသည်။ သူ့ကိုယ်သူ ၇ နှစ်အရွယ် ကလေးလေးအဖြစ်သို့ ပြန်ရောက်သွားသကဲ့သို့ ခံစားရစေသည်။ ခံစားချက်တို့က ငယ်ရွယ်ပြီးနုပျိုလန်းဆန်းစေ၏။

" ခြံထဲဝင်မှာလား ဂရေ့စ် ? "

အနောက်မှာရပ်နေတဲ့ မနှင်း ကမေးတော့ သူမခေါင်းကို ညင်သာစွာခါယမ်းပြလိုက်သည်။ ထိုအခါ နှင်း ကထပ်မေး၏။
" ဒါဆိုဘာဆက်လုပ်မှာလဲဟင် ? "
ရုတ်တရက်အကြည့်တို့က ခြံဘေးက အိမ်လေးတစ်လုံးဆီသို့ ရောက်ရှိသွားသည်။ မီးခိုးရောင်သုတ်လိမ်းထားသော အိမ်လေးမှာ ၂ ထပ်အိမ်ဆိုပေမဲ့ သေးသေးပုပုလေးပင်။ ခြံစည်းရိုးမှာ လူခါးတစ်ဝက်စာမျှပင်ရှိသော သစ်သားပြားများဖြင့်သာ ကာရံထားပြီး အကုန်လုံးကို အဖြူရောင်ခြယ်သထားသည်။ သို့ပေမဲ့သစ်လွင်မှုမရှိတော့ချေ။ ဆောက်လုပ်ထားတာ မကြာဘူးဆိုလျှင်တောင် အနည်းဆုံး ၁၀နှစ်ကျော်လောက်တော့ သက်တမ်းရှိမည်ထင်ပါသည်။ ထူးဆန်းသည်မှာ ထိုခြံဝ၌ အိမ်လုံးချင်း ဌားရန်ရှိသည်ဟု ဆိုင်းဘုတ်ချိတ်ဆွဲထားခြင်းပင်။ ထိုထဲတွင် ဖုန်းနံပါတ်တစ်ခု ထည့်ရေးထားသေး၏။

သူမထိုမြင်ကွင်းကိုမြင်ပြီးနောက် အသက်ပါစွာပြုံးလိုက်လေသည်။ ဘ၀က ဒီလိုဆိုတော့လည်း ရေကန်အသင့် ကြာအသင့်ပင်။ ဒီအသက် ဒီအရွယ်အထိ ကြိုးစားရှင်သန်ခဲ့ရတဲ့သူ့ဘ၀အတွက် လုံလောက်တဲ့အနားယူခွင့်ရစေဖို့ရန် ကံတရားက ဖန်တီးပေးလေသလား .. ။

ချစ်ခြင်းရှိရာသို့Where stories live. Discover now