လေပြင်းတွေတိုက်လာပြီး အိမ်ခေါင်မိုးပေါ်ကို ပြင်းပြင်းထန်ထန်ကျဆင်းလာတဲ့ မိုးရေစက်တွေရဲ့အသံကိုကြားမှသာ သူသတိဝင်တော့သည်။ နေ့လည်စာ စားပြီးထဲက မျက်မှန်တစ်လက်တပ်ပြီး ကွန်ပြူတာရှေ့ထိုင်၍ ၀င်ထားသမျှ Mail တွေကိုဖတ်နေမိသည်မှာ အချိန်အတော်ပင် ကြာမြင့်ခဲ့လေပြီ။
" အိုး .. မိုးတွေတောင် ရွာပြီပဲ "
သတိလက်လွတ် ပြင်သစ်ဘာသာစကားဖြင့် တစ်ကိုယ်ကြားရေရွတ်လိုက်မိရင်း အခန်းတံခါးတွေ အပြေးအလွှားထပိတ်ရတော့သည်။
ဘေးဘက်က ပြူတင်းပေါက်နှစ်ပေါက်ကို ပိတ်လို့အပြီး ခေါင်းရင်းကပြူတင်းပေါက်ကို ပိတ်ဖို့ဟန်ပြင်လိုက်ချိန်၌ တစ်ဖက်ခြံထဲသို့ အကြည့်ရောက်သွားခဲ့သည်။
ခရေပင်အောက်က သစ်သားခုံတန်းရှည်လေးပေါ်မှာ ငုတ်တုတ်လေးထိုင်နေသည့် မမကိုမြင်ပြီး သူမျက်လုံးပြူးသွားခဲ့၏။
" မမ မိုးတွေရွာနေပြီလေ။ ဘာထိုင်လုပ်နေတာလဲ ? "
သူအပေါ်ထပ်ကနေပြီး လှမ်းအော်လိုက်ပေမဲ့လို့ မမကတော့ ကြားဟန်မတူ။ မိုးပြာရောင်ဘလောက်စ်အင်္ကျီလေးနှင့် နက်ပြာခံပေါ် အဖြူရောင်အလုံးလေးများပါသော ထဘီကို တွဲဖက်ဝတ်ဆင်ထားသောမမဟာ မမှိန်မသုန်ဖြင့်သာ မှိုင်မှိုင်တွေတွေဖြင့် ခုံပေါ်ဆက်ထိုင်နေသည်။ သူ့အသံကို ကြားတဲ့ဟန်လည်းမပေါ်။ သည်းထန်စွာရွာသွန်းနေတဲ့ မိုးရေတောထဲမှာ မိုးရေတွေ ရွှဲရွှဲစိုစွာဖြင့် ထိုင်နေသည့် မမကြောင့် သူကျွတ်တစ်ချက်စုပ်လိုက်မိသည်။
" ကျွတ် .. မမကတော့လေ "
တံခါးကိုတော့ ပိတ်ဖို့သတိမရတော့။ အောက်ထပ်ကို ဒုန်းစိုင်းပြေးဆင်းပြီး ထီးတစ်ချောင်းအမြန်ဆွဲကာ ခြံထဲသို့ အပြေးအလွှားထွက်ခဲ့မိသည်။ သူတို့ခြံနှစ်ခြံကြားက သစ်သာခြံစည်းရိုးလေးဟာ ခါးတစ်ဝက်ကျော်မျှသာ ရှိတာကြောင့် အချိန်ကုန်ခံပြီး ခြံတံခါးပေါက်ကနေ ၀င်ထွက်မနေတော့ပဲ ခြံစည်းရိုးကိုသာ ခုန်ကျော်ပစ်လိုက်၏။ ပြီးတော့မှ ချာလီထီးအနီရောင်လေးကို ဖွင့်၍ မိုးရေထဲမှာထိုင်နေတဲ့ မမရဲ့ ကိုယ်လုံးပေါ်ကို အုပ်မိုးဆောင်းပေးလိုက်မိသည်။ မမကိုသာ စိုးရိမ်ပေးမိပြီး တစ်ကိုယ်လုံးရွှဲရွှဲစိုနေသည့် မိမိကိုယ်ကိုတော့ သူလုံးဝဂရုမစိုက်မိခဲ့ချေ။

YOU ARE READING
ချစ်ခြင်းရှိရာသို့
Romanceငယ်စဥ်အချိန်ကတည်းက တွယ်ငြိခဲ့တဲ့ သံယောဇဥ်နွယ်ကြိုးလေးတစ်ချောင်းက အချိန်ကြာမြင့်သွားသည့်တိုင်အောင် ခိုင်မြဲစွာ တည်ရှိနေဆဲပင်။ #Moe #JE_Rain