Chapter |2| Uni

2.3K 126 2
                                    

"လေယာဥ်ဆိုက်တာစောသားပဲ... ကိုယ်က နေ့လည်လောက်မှဆိုက်မယ်ထင်တာ"

Exitထဲမှထွက်လျှင်ထွက်ခြင်း လူတစ်ယောက်ကသူ့အနားရောက်လာပြီး သူ့လက်ထဲမှ Luggageကိုဆွဲယူရင်းဆိုသည်။ ထိုလူ့ကို ရောင်ခြည် ယောင်နနဖြင့် မော့ငေးမိသည်။ သန့်ပြန့်နေသည့် ကိုယ်ရည်ကိုယ်သွေးရှိသည့်အပြင် အစိမ်းပုတ်ရောင်ကွက်စိပ်ပုဆိုးကို အစိမ်းပုတ်ရောင်စတစ်လက်ရှည်နှင့် သားသားနားနားတွဲပြီး ဝတ်ဆင်ထားသည့် ထိုလူဟာ သူခိုးသူဝှက်လူဆိုးတော့မဖြစ်တန်ရာ။

"ခင်ဗျား ကျွန်တော့်ကိုသိလို့လား"

လေသံဆတ်ဆတ်ဖြင့်မေးတော့ ထိုလူက နှုတ်ခမ်းတွန့်ရုံပြုံးသည်။ Exitမှထွက်လာသည့် လူများက သူ့အနောက်တွင်တန်းစီနေပြီမို့ ထိုလူကြီးက သူ့လက်ကိုဆွဲပြီး တစ်နေရာသို့ခေါ်သွားသည်။ အစိမ်းပုတ်ရောင်အင်္ကျီလက်ရှည်ကို တံတောင်ဆစ်အထိ ခေါက်တင်ထားသည်မို့ လက်ဖျံမှ သွေးကြောထင်းထင်းတို့အား အခန့်သားမြင်နေရသည်။

"မင်းကိုယ့်ကို မမြင်ဘူးပဲ ဒီကိုလာခဲ့တာပေါ့"

လူရှင်းသည့်နေရာသို့ရောက်တော့ ထိုလူကြီးက သူ့လက်ကိုလွှတ်ပေးပြီး သူနှင့်မျက်နှာချင်းဆိုင်တွင်ရပ်ကာ မေးလာသည်မို့ ရောင်ခြည် ယောင်နနဖြင့် ခေါင်းညိတ်ပြမိသည်။ ထိုလူကြီးက ပြုံးပြန်သည်။ သို့သော်ခဏသာ။ ချက်ချင်းပြန်တည်သွားသည်။

"ခင်ဗျားက ဦးဓနမင်းထင်လား"

ရောင်ခြည် မေးတော့ ထိုလူကြီးက ဘယ်လိုထင်လဲဟူသည့်ဟန်ဖြင့် မျက်ခုံးပင့်ပြသည်။ ရောင်ခြည်စိတ်မရှည်တော့။ မနက်အစောကြီး လေယာဥ်ပေါ်တက်လာရ၍ မနက်စာမစားခဲ့ရသည့်အပြင် လေယာဥ်ပေါ်၌လည်း ကိတ်မုန့်လေးတစ်ထုပ်သာစားခဲ့ရသည်မို့ ဗိုက်က ဆာလောင်နေပေပြီ။

"မဟုတ်လည်းနေတော့... ရူးကြောင်ကြောင်နဲ့ လူကိုလည်းမသိပဲ ဆွဲလားရမ်းလားနဲ့"

မကျေမချမ်းရေရွတ်ပြောဆိုရင်း Luggageကိုဆွဲကိုင်ကာ ထိုလူကြီးအနားက ထွက်သွားဖို့ဟန်ပြင်တော့ ထိုလူကြီးက Luggageကိုဆွဲကာ တားသည်။ ရောင်ခြည် မျက်မှောင်ကြုတ်ကာ ထိုလူကြီးကို မကြည်ကြည့်,ကြည့်ပေးလိုက်သည်။

Fell in love within THIRTY DAYS(Complete)Where stories live. Discover now