Wedding Part |1| Uni

1.6K 93 4
                                    

မှန်ထဲထင်ဟပ်နေသည့် သူ့ပုံရိပ်ကိုကြည့်ပြီး ရောင်ခြည်သွားစွယ်လေးတွေပေါ်သည်အထိ ပြုံးလိုက်သည်။ တစ်ဆက်တည်းမှာပဲ ယခုပြင်ဆင်ထားသည့်သူ့ပုံစံကို ဦးဓနမြင်လျှင် ပြောင်းလဲသွားမည့် ဦးဓနပုံစံကိုကြိုပြီးတွေးဆမြင်ယောင်မိရင်း ရင်ထဲလှိုက်ဖိုလာရပြန်သည်။

သူတို့နှစ်ယောက်အတွက် မင်္ဂလာဝတ်စုံကို ဦးဓနက နာမည်ကြီးဒီဇိုင်နာနဲ့အပ်ပေးထားတာဖြစ်ပေမယ့် သူကတော့ ဒီဇိုင်နာနှင့်အပ်ထားသည့်ဝတ်စုံကိုမဝတ်ဖြစ်။ ပြည်ပက မိဘတွေထံအပူကပ်ပြီးမှာထားသည့်ဝတ်စုံကိုသာဝတ်ဖြစ်သည်။ ဒီဝတ်စုံသူ့မှာရှိနေမှန်းလည်း ဦးဓနမသိ။ ရန်ကုန်ကနေပြန်လာကတည်းက သိုသိုသိပ်သိပ်နဲ့ ဦးဓနမမြင်အောင် သိုဝှက်ထားခဲ့ရတာ။

ရန်ကုန်မြို့၏ ထိပ်တန်းစီးပွားရေးပညာရှင် ဦးရောင်ခြည်၏မြေးနှင့် Dana Farmပိုင်ရှင် ဦးဓနမင်းထင်တို့၏ မင်္ဂလာပွဲက မကြာတော့သည့်အချိန်တွင် စတင်တော့မည်ဖြစ်သည်။ နာမည်ကြီးစီးပွားရေးပညာရှင်တို့၏ မင်္ဂလာပွဲဖြစ်သော်လည်း ခမ်းခမ်းနားနားမကျင်းပဖြစ်။ လိင်တူလက်ထပ်ခြင်းကို အားပေးထောက်ခံသည့် လူအချို့သာဖိတ်ကြားပြီး Dana Farmရှိ ဦးဓန၏ အိမ်ရှေ့ခြံအလွတ်တွင်နေရာထိုင်ခင်းစီစဥ်ကာ အကျဥ်းအရုံးသာကျင်းပဖြစ်သည်။

ဖိုးဖိုးတို့ဆန္ဒအရဆိုလျှင် ဖိုးဖိုးတို့ကိုးကွယ်သည့် ဘုန်းတော်ကြီးကျောင်းတွင် မင်္ဂလာဆွမ်းကျွေးပြီး မင်္ဂလာပွဲကို ကျင်းပစေချင်ကြပေမယ့် သူကတော့ ထိုသို့မဟုတ်။ သူ့အတွေးထဲပုံပေါ်ထားသည့်အတိုင်းသာ စိတ်ကြိုက်ပြင်ဆင်ခဲ့သည်။ သူပြောသည့်အတိုင်း မစီစဥ်လျှင် မင်္ဂလာပွဲကိုဖျက်သိမ်းမည်ဟု တစ်ချက်လွှတ်အမိန့်ထုတ်ခဲ့တာကြောင့် ဖိုးဖိုးက အင်တင်တင်ဖြင့်လက်ခံခဲ့ရသည်။

သူလက်ထပ်မည့် သူ့အိမ်ထောင်ဖက်က ဘာသာခြားတစ်ယောက်ဖြစ်နေတော့ ဘုန်းတော်ကြီးကျောင်းမှာ မင်္ဂလာဆွမ်းကျွေးပြီး မင်္ဂလာပွဲကျင်းပဖို့ဆိုတာ ဘယ်သင့်တော်ပါ့မလဲလေ။

"ဟယ် ဆည်းဆာလေး..."

မကြီးဖြူဖွေးက အခန်းထဲဝင်ဝင်ချင်းတွေ့လိုက်ရသည့် သူ့ပုံစံကို ကျီးကန်းတောင်းမှောက်ကြည့်လာသည်။ ထင်လင်းကိုကလည်း မကြီးဖြူဖွေးဘေးတွင် ကျောက်ရုပ်တစ်ရုပ်လို တောင့်တောင့်ကြီးရပ်နေကာ မျက်တောင်မခတ်ကြည့်နေသည်။

Fell in love within THIRTY DAYS(Complete)Where stories live. Discover now