'မင်းတို့အားလုံး တိတ်တိတ်နေပေးလို့မရဘူးလား။
ဘဲတွေအော်နေသလိုပဲ နားငြီးလိုက်တာ'နှစ်ထပ်ကုတင်၏အပေါ်ထပ်မှ မက်သျူး၏အသံက အခန်းထဲ ဟိန်းနေအောင်ထွက်ပေါ်လာ၏။ အူမြူးနေသော ခွေးများကဲ့သို့ ဆူညံစွာ ခုန်ပေါက်နေခဲ့ကြသည့် ကျောင်းသားများက မက်သျူး၏အသံနောက်တွင် ရုတ်တရက် အသံတိတ်သွားကြသည်။ ပစ္စည်းများ ပြန့်ကျဲနေသော ကြမ်းပြင်ထက်တွင် အဝတ်တစ်ချို့ကပါ ရောယှက်နေ၏။
'ပျော်ပျော်နေရကောင်းမှန်းမသိတဲ့ကောင်ပဲ'
ခုနကလေးတင် အော်ဟစ်နေခဲ့ကြသော ကျောင်းသားများက မက်သျူးအား ဘုကြည့်ကြည့်၍ ကြမ်းပြင်ပေါ်ပစ်ထားသောအင်္ကျီများကို ပြန်ကောက်ယူလိုက်ကြသည်။ မက်သျူးကား နားအေးပါးအေးဖြစ်သွားမှုအတွက် စိတ်ကျေနပ်အားရစွာဖြင့် လက်ထဲမှစာအုပ်အပေါ် အာရုံပြန်စိုက်လိုက်သည်။
'ဘယ်သူလဲ'
ရုတ်တရက် ရင်းနှီးနေသောအသံတစ်ခုက အခန်းဝမှ ခပ်ကျယ်ကျယ်လွင့်ပျံ့လာသည်။ မက်သျူးသည် စာအုပ်အပေါ်သာ အာရုံရှိနေခဲ့ပြီး ထိုအဖြစ်အား နည်းနည်းလေးပင်စပ်စုချင်စိတ်ရှိမနေခဲ့ပါပေ။ သူသည် စာရွက်ကိုလှန်လိုက်ရင်း အသက်ကိုပါရှူထုတ်လိုက်သည်။
'ဟိတ်။ ဒီနေရာက ဝင်ချင်တိုင်း ဝင်လာလို့ရတာမဟုတ်ဘူး။ မင်း ဘယ်သူလဲ'
'မင်းအပူပါလား'
အထက်စီးဆန်သည့် စကားသံကြောင့် မက်သျူး၏နားရွက်များက ယုန်ကလေးများကဲ့သို့ ထောင်သွားသယောင်။ နောက်ထပ် အချိုးမပြေသည့်ဘယ်ကောင်ကများ အခန်းထဲလာမွှေပြန်ပြီလဲ သူ သိချင်မိသွားသည်။ မက်သျူးသည် ဖတ်လက်စ စာမျက်နှာရွက်ပေါ် လက်ညှိုးတင်၍ စာအုပ်ကိုပိတ်ကာ အသံလာရာဆီသို့ တစ်ချက်လှမ်းကြည့်လိုက်၏။
မျက်နှာစိမ်းတစ်ခုကို မြင်လိုက်သည့်အခါ မက်သျူး၏မျက်ခုံးတန်းများက ရုတ်ချည်း တွန့်ချိုးသွားခဲ့သည်။ အဆောင်တွင်တော့ တစ်ခါလေးမှမမြင်ဖူးသည့် မျက်နှာပင်ဖြစ်သည်။ မက်သျူးသည် အပြုံးအရယ်မရှိပါပဲ ထိုမျက်နှာစိမ်းနှင့်တစ်စုံတစ်ဦးအား မျက်နှာသေဖြင့် အကဲခတ်လိုက်သည်။ ထိုစဉ်မှာတင် ထိုသူသည်လည်း မက်သျူးရှိနေရာ အပေါ်ထပ်ကုတင်ပေါ်သို့ အကြည့်ရောက်လာရာ သူတို့နှစ်ဦး စက္ကန့်ပိုင်းမျှတော့ အကြည့်ချင်းဆုံသွားကြ၏။ သို့သော် ထိုသူကသာ အရင်ဆုံး အကြည့်လွှဲလိုက်ပြီးနောက် ပိုင်စိုးပိုင်နင်းဖြင့် မက်သျူးတို့၏အဆောင်ခန်းထဲသို့ ခရီးဆောင်အိတ်ခပ်ကြီးကြီးကိုဆွဲကာ ဝင်လာလေသည်။
YOU ARE READING
a thousand strawberry secrets
Fanfictionplease gently press the strawberry button to see my heart.