'ထုံးစံအတိုင်း တစ်ကျောင်းလုံး အဆင့်တစ်ပါပဲလား ရဲဘော်'
လျှောက်လမ်းအဆုံးမှ နံရံတွင်ကပ်ထားသော လစဉ်အဆင့်များကို ကြည့်ပြီး ဖုန်းအိုက်က မက်သျူးအား မျက်လုံးများမှေး၍ ကြည့်လာသည်။ ဘိတ်ချေးမဖြစ်ရုံတမယ် ချောက်ကမ်းပါးစောင်းမှ အဆင့်ကို ရင်ဝယ်ပိုက်ထားရသော ဖုန်းအိုက်အဖို့ သူ့အဆင့်အတွက် များစွာ စိတ်ထိခိုက်နေပုံပင် မပေါ်ခဲ့ပေ။
မက်သျူးသည် ရေဘူးထဲမှ ရေကို တစ်ငုံသောက်ပြီး ထိုလစဉ်အဆင့် စာရွက်ကြီးကြီးပေါ်မှ တစ်နေရာကို စိုက်ကြည့်နေခဲ့၏။ အဆင့် နှစ်နေရာတွင် နေရာယူထားသော ချွမ်ရွေ့နာမည်က မက်သျူးအား သိပ်တော့ မအံ့ဩစေပါပေ။ ချွမ်ရွေ့သည် စိတ်ရှိလျှင် မက်သျူးထက်ပင် ပိုပြီးကောင်းသည့် အဆင့်ကို ရနိုင်သူဆိုသည်ကို သူ သိပြီးသားဖြစ်၏။
'အဲ..ချွမ်ရွေ့။ ဆရာကြီး။ မင်းက အဆင့်နှစ်နော်'
ဖုန်းအိုက်သည် ရုတ်တရက် မက်သျူး၏အနောက်ဘက်ကို လှမ်းကြည့်ပြီး ပြုံးလျက် ပြောလာသည်။ မက်သျူး အနောက်သို့ လှည့်ကြည့်လိုက်ရာ ချွမ်ရွေ့က လစဉ်အဆင့်စာရွက်အား တစ်ချက်သာကြည့်၍ မက်သျူးထံသို့ အကြည့်ရောက်လာ၏။
နေ့လယ်စာကို တော်ရုံ မစားတတ်သည့် ချွမ်ရွေ့က ယနေ့ နေ့လယ်၌လည်း စာသင်ခန်းထဲ မှောက်အိပ်ရင်းသာ အချိန်ကို ကုန်ဆုံးခဲ့ပုံပေါ်သည်။ ခပ်ပွပွဖြစ်နေသော ဆံပင်စများက ချွမ်ရွေ့၏ ပြေပြစ်ပြစ်နဖူးပြင်ပေါ် ကပိုကရို ဝဲကျနေ၏။ မက်သျူး ချွမ်ရွေ့ထံမှ အကြည့်လွှဲ၍ အခန်းထဲပြန်သွားရန် ဆုံးဖြတ်လိုက်ကာ လက်ထဲမှ ရေဘူးအား အမှိုက်ပုံးထဲ လှမ်းပစ်ထည့်လိုက်၏။
'သွားတော့မလို့လား'
ခြေတစ်လှမ်းစာပင် စရသေး၊ ဖုန်းအိုက်၏ ရှည်လျားသောလက်များက မက်သျူး၏ပခုံးအား လှမ်းဖမ်းဆွဲလိုက်သည်။ မက်သျူးသည် စိတ်ရှုပ်စွာဖြင့် ဖုန်းအိုက်၏လက်အား ဆွဲဖယ်ဖို့ကြိုးစားပါသော်လည်း သူ့ထက် အရပ်ပိုရှည်ပြီး အင်အားပိုကြီးသည်ကြောင့် အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ပါပေ။
YOU ARE READING
a thousand strawberry secrets
Fanfictionplease gently press the strawberry button to see my heart.