'လုံးလုံးမရိပ်မိခဲ့တာတော့မှန်ပေမဲ့ တကယ်တမ်းကျတော့လည်း ငါ အရမ်းအံ့ဩမနေပြန်ဘူး။ ချွမ်ရွေ့ အဲ့ကောင်က မင်းကိုဆိုရင် မျက်နှာသာပေးလွန်းတယ်လေ'
ဟွမ်ဟောက်သည် သူ၏လေးထောင့်မျက်မှန်အား လက်ညှိုးဖြင့် နှာရိုးပေါ်မှ မတင်ရင်း မက်သျူးတို့ကို ကြည့်ကာ ပြောလာခဲ့သည်။ ရှန်ဟိုင်း၏ ယောက်ယတ်ခတ်မှုများကို တွန်းဖယ်ကာ သူတို့ လက်ရှိရောက်နေသည့် ကော်ဖီဆိုင်ကတော့ဖြင့် အနည်းငယ် တိတ်ဆိတ်ငြိမ်သက်မှုရှိသည်။
'မင်းရော ဘယ်လိုလဲ ဖုန်းအိုက်'
ဟွမ်ဟောက်သည် သူ့ဘေးတွင် အေးအေးလူလူထိုင်ကာ မက်သျူးနှင့်ချွမ်ရွေ့တို့အား အကဲခတ်နေသည့် ဖုန်းအိုက်ကို ငဲ့ကြည့်ကာ မေးလိုက်၏။ ဖုန်းအိုက်က ဟွမ်ဟောက်၏မေးခွန်းကို ချက်ချင်းပြန်မဖြေပေ။ စားပွဲဝိုင်းပေါ်ရှိ ကော်ဖီခွက်ကို လှမ်းယူကာ ကော်ဖီတစ်ငုံ အရင်သောက်လိုက်သည်။
'ပြောမှာဖြင့်မပြောဘူး။ ပဲခံနေသေးတယ်'
ဟွမ်ဟောက်သည် နှာခေါင်းကို ရှုံ့လိုက်ကာ ဖုန်းအိုက်အား မျက်စောင်းပါ ထိုးလိုက်လေသည်။ မက်သျူးကား ဖုန်းအိုက်၏အဖြေကို အသာလေး ငြိမ်ကာစောင့်ရင်း ကော်ဖီခွက်ရှိရာသို့ လက်လှမ်းလိုက်၏။ ဖုန်းအိုက်က ဤအကြောင်းအား တကူးတက မအံ့ဩနေခြင်းအတွက် မက်သျူးနှင့် ချွမ်ရွေ့တို့ကလည်း အထူးတဆန်းဖြစ်မနေမိသည်ဟုထင်မိ၏။ ဖုန်းအိုက်သည် ဤကဲ့သို့သော ကိစ္စများတွင် သာမန်ထက် ပိုပြီး အရိပ်အကဲဖမ်းမြန်တတ်သည်ကို သူတို့သိပြီးသားပင်ဖြစ်သည်။
'ရိပ်မိနေပေမဲ့ တကယ်ကြီးဖြစ်လာမယ်လို့ ရာခိုင်နှုန်းပြည့်ထင်ခဲ့တာတော့မဟုတ်ဘူး။ ဆယ်ရာခိုင်နှုန်းလောက်ကတော့ ငါ့ကိုယ်ငါ အမှတ်မှားနေသလားလို့ပဲ သံသဃရှိနေခဲ့တာ'
အနုပညာတက္ကသိုလ်ကျောင်းသားဘဝကပဲ ဖုန်းအိုက်အား အရင်ကထက် ပိုပြီး လူကြီးဆန်ကာ တည်ငြိမ်သွားစေသလား မပြောတတ်ပေ။ မှန်မပါသော ကိုင်းထူထူမျက်မှန်နောက်မှ ဖုန်းအိုက်၏မျက်လုံးများနှင့် မျက်နှာမှာ အထက်တန်းတုန်းကထက်စာလျှင် အေးဆေးငြိမ်သက်လွန်းလှသည်။
YOU ARE READING
A Thousand Strawberry Secrets
Fanfictionplease gently press the strawberry button to see my heart.