twelve

631 79 1
                                    

ဆီးနှင်းဖြူဖြူများက ဗန်ကူဗာ၏လမ်းမများထက်တွင် အပြည့်အသိပ် နေရာယူထားလို့နေသည်။ ဖြတ်သန်းသွားလာသူများ၏ အာငွေ့များက ထိုဆီးနှင်းများနှင့်အတူ လေထုထဲ ဝေ့ဝဲနေလေ၏။ အဝတ်ထူထူဝတ်ထားပါသည့်တိုင် အကြင်နာကင်းမဲ့စွာ လာရောက်တိုးဝင်သော အအေးဓာတ်ကြောင့် လူများအားလုံး၏ လက်များက အချင်းချင်း ပွတ်သပ်လျက် ရှိနေသည်။

မက်သျူးသည် ကုတ်အင်္ကျီထူထူဝတ်ထားပါရက် ပိုပြီးအေးစိမ့်လာသော အအေးဒဏ်ကြောင့် ပခုံးကို ပုထားကာ ခန္တာကိုယ်တစ်ခုလုံးကိုပင် ချုံ့ထားပစ်လိုက်ချင်မိသည်။ သူ့ဦးခေါင်းပေါ်သို့ အဆတ်မပြတ် ကြွေကျလာသော နှင်းများအောက်တွင် သူက မကြာမီပင် အဖိခံရတော့မယောင်ထင်ရ၏။ မက်သျူး၏နားထဲတွင်တော့ တစ်နေရာမှ လွင့်ပျံ့နေသော ခရစ်စမတ်သီချင်းသံကို ကြားနေရလေသည်။

လွန်ခဲ့သော ဆယ့်ငါးမိနစ်ကတည်းက ပို့ထားခဲ့သည့် စာစောင်ကို ယခုထိ မဖတ်သေးသော ချွမ်ရွေ့ကြောင့် မက်သျူး လက်ကိုင်ဖုန်းမျက်နှာပြင်ကို ကြည့်နေရာမှ စိတ်မရှည်ခြင်းကြီးစွာဖြင့် မျက်မှောင်ကုတ်လိုက်သည်။ သို့နှင့် သူသည် ချွမ်ရွေ့အား ဖုန်းတစ်ချက်ခေါ်လိုက်ဖို့သာ တွေးလိုက်လေတော့၏။

တတီတီမြည်နေသော ဖုန်းသံက ထင်ထားသည်ထက်ပင် ကြာမြင့်နေသေးသည်။ မက်သျူးသည် ရှူးဖိနပ်အောက်မှ နှင်းခဲများကို ထိုးချေဖွပစ်ရင်း ဖုန်းတစ်ဘက်မှ ချွမ်ရွေ့၏အသံကို စောင့်မျှော်နေမိသည်။ အတော်ကြာ စောင့်ပြီးသည့်နောက်တွင် ဖုန်းအား ချလိုက်မည်ကြံရွယ်သော်လည်း သူမျှော်နေသည့်အတိုင်း ချွမ်ရွေ့က ဖုန်းကိုင်လာခဲ့လေတော့သည်။

'ဟယ်လို..မင်း ဘယ်ရောက်နေတာလဲ။ စာပို့တာလည်း မဖတ်ဘူး။ ငါ စောင့်နေတာ ကြာလှပြီ'

'အခုရောက်နေပါပြီ။ ကားပိတ်နေလို့ ကြာသွားတာ။ ငါ မင်းအနောက်မှာ လှည့်ကြည့်လိုက်'

မက်သျူးသည် ချွမ်ရွေ့၏စကားကြောင့် နောက်ကျောဘက်ကို ချက်ချင်း လှည့်ကြည့်လိုက်လေသည်။ မက်သျူး၏မျက်လုံးများမှာ အံ့ဩမှုကြောင့် အနည်းငယ် ဝိုင်းစက်သွားခဲ့လျက် သူ့အမြင်အာရုံကို သံသဃဖြစ်နေသည့်နှယ် မျက်တောင်များကိုပင် ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်၏။ သူ အမြင်မမှားပါ။ ထိုမရင်းနှီးသောပုံရိပ်သည် သူ ရင်းနှီးနေသော ချွမ်ရွေ့ အစစ်အမှန်ပင် ဖြစ်ပါသည်။

a thousand strawberry secretsWhere stories live. Discover now